တံတားဦးမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို ကြိုက်နှစ်သက်ခြင်း မရှိတော့သည့်
မဲဆန္ဒရှင် ပြည်သူများက ၎င်းတို့ သဘောထား လက်မှတ်များကို ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင် ထံသို့ပေးပို့ပြီး ဖြစ်သော်လည်း တရားဝင် ရုပ်သိမ်းနိုင်ရန်မှာမူ ဥပဒေ ပြဋ္ဌာန်းပြီးမှသာ
ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
မဲဆန္ဒရှင်ပေါင်း ၉၀,၀၀၀ ကျော်ရှိသည့် တံတားဦးမြို့နယ်၌ အင်န်အယ်လ်ဒီပါတီမှ ၀င်ရောက်
အရွေးခံကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံရသော ဒေါ်ခင်သန္တာကို ယခုအခါ
မဲဆန္ဒရှင်များက မနှစ်သက်တော့သဖြင့်ပြီးခဲ့သော ဇန်နဝါရီလနောက်ဆုံးပတ်၌ သဘောထား
လက်မှတ်ထိုး စုဆောင်းပွဲ ကျင်းပခဲ့ပြီးနောက် ယခုလ ၄ ရက်နေ့ တွင် လက်မှတ်ပေါင်း ၁,၂၄၀
စုဆောင်း ရရှိခဲ့၍ နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌထံ ပေးပို့ခဲ့သည်။
ယခုကိစ္စတွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌထံမှ ယခုလ ၈ ရက်နေ့ရက်စွဲဖြင့်
ပြန်ကြားစာအရ အဆိုပါကိစ္စကို ဖေဖော်ဝါရီလ ၅ ရက်နေ့ တွင် ကျင်းပသည့် ပြည်ထောင်စုရွေး
ကောက်ပွဲကော်မရှင် အစည်းအဝေး၌ တင်ပြ ဆွေးနွေးခဲ့ကြောင်း၊ ယင်းသို့ ဆွေးနွေးရာတွင်
ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၉၇ အရ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း
ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းပြီးမှသာ ဆက်လက်ဆောင်ရွက် နိုင်မည်ဖြစ်ပြီး လက်ရှိအခြေ အနေတွင်
ယင်းဥပဒေ ပြဋ္ဌာန်းပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုလွှတ်တော်သို့
တင်ပြဆောင်ရွက်ထား၍ ယခုတင်ပြစာကို မှတ်တမ်းတင်ထား ကြောင်း၊ ဥပဒေပြဋ္ဌာန်းပြီးပါက
ဥပဒေနှင့်အညီ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါရှိသည်။















