ဧရာဝတီတံတားစီမံကိန်းတွင် မပါ၀င်သောလယ်ယာမြေကို ပိုင်ရှင်မသိဘဲ လန ၃၉ ချပေးခြင်းအပေါ် ကန့်ကွက်မည်

ဧရာဝတီတံတားစီမံကိန်းတွင် မပါ၀င်သောလယ်ယာမြေကို ပိုင်ရှင်မသိဘဲ လန ၃၉ ချပေးခြင်းအပေါ် ကန့်ကွက်မည်

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်း လယ်ယာမြေအချို့ကို ဧရာဝတီမြစ်ကူးတံတား
ရတနာပုံတည် ဆောက်ရေးအတွက် သိမ်းယူခဲ့ရာတွင် စီမံကိန်းအတွင်းမပါ၀င်ဘဲ လွတ်နေသော
လယ်ယာများကို ပြန်မပေးဘဲ ပိုင်ရှင်မသိဘဲ လန ၃၉ ချထားခြင်းနှင့် အခြားလယ်မြေများ ပြန်ရရေး
အတွက် လယ်ယာမြေအသိမ်းခံရသူများကသက်ဆိုင်ရာသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း
သိရသည်။

အမရပူရမြို့နယ် ရွှေကြက်ယက် ကျေးရွာအုပ်စုအတွင်း ရွာသားများ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်
ခဲ့သော ယာမြေ ၄ ဒသမ ၁၈ ဧကမှာ စီမံကိန်း အတွင်း မပါ၀င်သည့်တိုင် ပိုင်ရှင်များ မသိဘဲ ၁၉၅၃
ခုနှစ်၊ လယ်ယာမြေ နိုင်ငံ ပိုင်ပြုလုပ်ရေးအက်ဥပဒေ ၃၉ အရ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊
အမရပူရမြို့နယ်သို့ ခွင့်ပြုထားခြင်းနှင့် စီမံကိန်းအတွင်း မပါ၀င်သော်လည်း ပြန်နေထိုင်အသုံးပြုခွင့်
မရ ဖြစ်နေသော အခြားလယ်ယာနှင့် လူနေမြေဧက ၄၀ ကျော်ကို ပြန်ရရှိရေးအတွက် တင်ပြသွား
မည်ဖြစ်ကြောင်း ရွာသူရွာသားများ က ပြောသည်။

"ကျွန်တော်တို့ ဒီကိစ္စကို သမ္မတနဲ့ သက်ဆိုင်ရာဌာနတွေကို ဒီနေ့ရက်စွဲနဲ့ တင်ပြ အကြောင်းကြား
သွားမှာပါ။ စီမံ ကိန်းနဲ့လည်း လွတ်ကင်းပြီး နှစ်ပေါင်း များစွာ ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်ခဲ့ တဲ့
လယ်ယာတွေကို ပြည်သူ့ဆောက်လုပ် ရေးလုပ်ငန်းအတွက်ဆိုပြီး ပိုင်ရှင်မသိဘဲ လန ၃၉ ချပေး
ထားတယ်။ အဲဒီချပေး ထားတဲ့နေရာတွေတင်မကဘဲ ကျန်တဲ့ နေရာတွေကိုလည်း အလွတ်မပေးဘဲ
မူလပိုင်ရှင်ရွာသားတွေကို အသုံးပြုခွင့် မပေးပါဘူး။

"သမ္မတအမိန့်အတိုင်း၊ ဥပဒေပြဋ္ဌာန်း ချက်အတိုင်း လုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့ မလိုက်နာ
စရာအကြောင်း မရှိပါဘူး။ ဒါပေမဲ့ အဲဒါနဲ့ဆန့်ကျင်ပြီး ဥပဒေမဲ့ပုံစံတွေ လုပ်နေတာမျိုးကိုတော့
လက်မခံနိုင်ပါဘူး"ဟု ရွှေကြက်ယက် ရွာမှ ယာမြေအသိမ်းခံရသူ ကိုမိုးနောင် က ယခုလ ၁၉ ရက်
တွင် ပြောသည်။

အထက်ပါ လန ၃၉ ခွင့်ပြုထားခြင်းနှင့် ပတ်သက်ပြီး ယခုလ ၁၃ ရက်နေ့က အမရ ပူရမြို့နယ်
အထွေထွေအုပ်ချုပ်ရေးမှူးက ရွာသူရွာသားများအား ခေါ်ယူအသိပေး ခဲ့ပြီး အဆိုပါအမိန့်စာအရ
တောင်သူများ ဓားမဦးချလုပ်ကိုင်သော နေရာဖြစ်သော် လည်း ဆောက်လုပ်ရေးလုပ်ငန်းပိုင်မြေ
နေရာ ဖြစ်သွားပြီဖြစ်ကြောင်း ပြောခဲ့ သည်ဟု ရွာသူရွာသားများက ဆက်လက် ပြောသည်။

သို့ရာတွင် ၂၀၁၂ ခုနှစ၊် မတ်လ ၃၁ ရက်က ထုတ်ပြန်ခဲ့သော လယ်ယာမြေ ဥပဒေပြဋ္ဌာန်းချက်
အခန်း ၁၁၊ အပိုဒ် ၃၂ တွင် စီမံကိန်းများအတွက် လယ်ယာ မြေကိုသိမ်းယူရာတွင် အနည်းဆုံးသော
လိုအပ်သောပမာဏကိုသာ သိမ်းယူရ မည်၊ စီမံကိန်းများ ဆောင်ရွက်ခြင်းမပြု တော့ပါက မူလ
လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိထားသူများအား ပြန်လည်ပေးအပ် ရမည်ဟုပါရှိကြောင်း ရွာသူရွာသား
များ က ပြောသည်။

"အဘိုးအသက် ၈၄ နှစ်ရှိနေပြီ။ ဒီလယ်ယာမြေမှာ အဘိုးတို့ ဘိုးစဉ် ဘောင်ဆက်ကတည်းက
စိုက်ပျိုးစား သောက်လာတာပါ။ ဟိုးအရင်ကတည်း က ယာခွန်ဆောင်ထားတာတဲ့ စာရွက် တွေ
လည်း အခုထိသိမ်းထားတယ်။ အခု ဒီလယ်ယာမြေက စီမံကိန်းထဲလည်း မပါပေမယ့် အသိမ်းခံ
ထားရတယ်။ဘာမှ လုပ်ကိုင်စားလို့မရ ဖြစ်နေတယ်"ဟု ရွှေကြက်ယက်ရွာမှ အဘိုးဦးသိန်းက ပြော
သည်။

ဧရာဝတီတံတား (ရတနာပုံ) စီမံကိန်း မှာ ၂၀၀၁ ခုနှစ်အတွင်း စတင်ခဲ့ကာ၊ ၂၀၀၈ ခုနှစ်၊ ဧပြီလတွင်
ပြီးစီးခဲ့ပြီးနောက် စီမံကိန်းတွင်မပါ၀င်ဘဲ လွတ်ကင်းသော နေရာများကို ပြန်ရလိုမှုများမှာ တံတား
နှင့်အနီးတစ်ဝိုက်တွင် တစ်နေရာမက ဖြစ်ပွားနေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး