လာမည့်ဘဏ္ဍာနှစ်၌ ယာဉ်အပ်ခနှင့်ရပ်နားခများ မပြောင်းလဲ

လာမည့်ဘဏ္ဍာနှစ်၌ ယာဉ်အပ်ခနှင့်ရပ်နားခများ မပြောင်းလဲ

လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်မည့် ဘဏ္ဍာနှစ်သစ်အတွက် မန္တလေးမြို့တွင်း သတ်မှတ်ထား
သည့် ယာဉ်အပ်ခံ နှင့် ယာဉ်ရပ်နားကန့်သတ်နေရာများ၌ ရပ်ခ၊ အပ်နှံခများကို ပြောင်းလဲမည်
မဟုတ်ဘဲ လက်ရှိနှုန်းထားများအတိုင်း ဆက်လက်သတ်မှတ်သွားမည် ဖြစ်ကြောင်း သိရသည်။

စည်ပင်သာယာက ယခုလ နောက်ဆုံးပတ်၌ စက်ဘီး၊ ဆိုင်ကယ်၊ ကား အပ်နှံခကောက်ခံခွင့်နေရာ
၄၀ ကျော် နှင့် ယာဉ်ရပ်နားကန့်သတ်ရပ်နားခ ကောက်ခံခွင့်နေရာ ခြောက်နေရာတို့ကို လုပ်ကိုင်ခွင့်
အတွက် လေလံပစ်သွားမည်ဖြစ်သည်။

၎င်းနေရာများတွင် သတ်မှတ် ကောက်ခံနှုန်းထားများကိုမူ လက်ရှိနှုန်းထားများအတိုင်း ဆက်လက်
သတ်မှတ်သွားမည်ဖြစ်သည်။

ယာဉ်အပ်နှံခများအဖြစ် စက်ဘီး တစ်စီးလျှင် ကျပ် ၁၀၀၊ ဆိုင်ကယ်တစ်စီး လျှင် ကျပ် ၂၀၀၊ ကား
တစ်စီးလျှင် ကျပ် ၃၀၀ ကောက်ခံမည်ဖြစ်ကြောင်းသိရသည်။

ယာဉ်ရပ်နားကန့်သတ်နေရာများအဖြစ် လမ်း ၃၀ (၇၄ လမ်းနှင့် ရ၈ လမ်း ကြားဝဲယာ)၊ လမ်း ၈၀
(၂၇ လမ်းနှင့် ၃၃ လမ်းကြားဝဲယာ)၊ ၂၆ လမ်း (လမ်း ၈၀ နှင့် ၈၄ လမ်းကြားဝဲယာ)၊ ၃၅ လမ်း
(လမ်း ၈၀ နှင့် ၈၄ လမ်းကြားဝဲယာ)၊ ၈၂ လမ်း (၂၆ လမ်းနှင့် လမ်း ၃၀ ကြား ၀ဲယာ)နှင့် ၈၃ လမ်း
(၂၆ လမ်းနှင့် လမ်း ၃၀ ကြားဝဲယာ)တို့ကို သတ်မှတ်ထားသည်။

၎င်းလမ်းများတွင် တစ်နာရီရပ်နားပါက ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၅၀၊ ကားတစ်စီးလျှင် ကျပ် ၁၀၀
(တစ်နာရီထက် မည်မျှကျော်လွန်ရပ်နားသည်ဖြစ်စေ ကျပ် ၂၀၀) ကောက်ခံရန် မန္တလေးမြို့တော်
စည်ပင်သာယာရေးကော်မတီ ကသတ်မှတ်ထားသည်။

ဆိုင်ကယ်စီးရေ ၄၀၀,၀၀၀ ကျော်နှင့် အတူ ကားစီးရေများလည်း တိုးလာ နေသော မန္တလေးမြို့၌
ယာဉ်အပ်ခွင့်နှင့် ရပ်နားကောက်ခံခွင့် လုပ်ငန်းများမှာ လုပ်ငန်းရှင်များ အကြိုက်တွေ့ကြသော
လုပ်ငန်းများဖြစ်ကာ လာမည့်နှစ် လုပ်ကိုင်ခွင့်အတွက်လည်း လေလံကြေး အပြိုင်ပေးကာ ၀ယ်ယူ
ကြဖွယ်ရှိသည်။

သို့ရာတွင် ရတနာပုံဈေးနှင့် ဒိုင်းမွန်း ပလာဇာ၊ 78  Shopping  Center၊ Great Wall Shopping
Center၊ မနော်ရမ္မံ ဥယျာဉ် ကလေးကစားကွင်းစသော နေရာများအပါအဝင် ယာဉ်အပ်ခံ နေရာ
တချို့ကိုမူ လေလံအထူးချအစီအစဉ်ဖြင့် ချပေးထားကြောင်းသိရသည်။

"ယာဉ်အပ်တဲ့၊ ရပ်တဲ့နှုန်းတွေက တော့ ကောက်တဲ့ဝန်ထမ်းတွေက တစ်ခါတလေ လည်ရင်လည်
သလို၊ လုပ်လို့ရရင်ရသလို ပိုကောက်နေကြတာပဲ။ သတ်မှတ်နှုန်းတွေကို လူထုကျယ်ကျယ်ပြန့်ပြန့်
သိအောင် လုပ်ပေးဖို့လိုအပ်သလို ကျွန်တော်တို့ကလည်း သူတို့ ဘယ်လိုပိုတောင်းတောင်း၊
သတ်မှတ်ခပဲ ပေးကြဖို့လိုပါတယ်"ဟု မန္တလေးမြို့သားတစ်ဦးဖြစ်သူ ကိုအောင်ကိုက ၎င်းအမြင်ကို
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး