မန္တလေးခရိုင်အတွင်း ဇန်နဝါရီလ၌ ယာဉ်တိုက်မှု ၃၂ မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး
ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲထံမှ စုံစမ်းသိရှိရသည်။
"ယာဉ်တိုက်မှု ၃၂ မှုဖြစ်ပွားခဲ့ရာမှာ သေဆုံးသူ ၂၁ ဦးနဲ့ ဒဏ်ရာရသူ ၂၂ ဦး ရှိခဲ့ပါတယ်။ ဒီနှစ်
ဇန်နဝါရီလရဲ့ ယာဉ်တိုက်မှုကတော့ လျော့ကျသွားတယ်လို့ ပြောလို့ရပါတယ်။
"ဘာလို့လဲဆိုတော့ မနှစ်ဇန်နဝါရီလတုန်းက ယာဉ်တိုက်မှု ၄၂ မှုဖြစ် ပွားခဲ့တယ်။ ဒါပေမဲ့ သေဆုံးမှု
နှုန်းကတော့ မနှစ်ကထက်များတယ်"ဟု အဆိုပါယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြော
သည်။
ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုများတွင် ကားပါ၀င်သော ယာဉ်တိုက်မှုထက်
ဆိုင်ကယ်ပါ၀င်သော ယာဉ်တိုက်မှုက ပိုမိုများပြားကြောင်း၊ ကားပါ၀င်သော ယာဉ်တိုက်မှု ၁၁ မှု
တွင် သေဆုံးသူ ခုနစ်ဦးနှင့် ဒဏ်ရာရသူ ကိုးဦး၊ ဆိုင်ကယ်ပါ၀င်သောယာဉ်တိုက်မှု ၂၁ မှု တွင်
သေဆုံးသူ ၁၄ ဦးနှင့် ဒဏ်ရာရသူ ၁၃ ဦးရှိသည်ဟု သိရသည်။
"ယာဉ်တိုက်မှုတွေက ညအချိန်မှာ ဖြစ်တာများတယ်။ အထူးသဖြင့် ညနေ ၆ နာရီနဲ့ ည ၁၂ နာရီ
ကြားမှာ အဖြစ်များတယ်။ ဖြစ်လိုက်ရင်လည်း မဆင်မခြင် မောင်းနှင်မှုကြောင့် ဖြစ်တာများတယ်"
ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
မန္တလေးခရိုင်အတွင်းရှိ ခုနစ်မြို့နယ်၌ ဖြစ်ပွားသော ယာဉ်တိုက်မှုအမျိုးအစားများတွင် မဆင်မခြင်
မောင်းနှင်မှု ၁၂ မှု၊ အရှိန်ပြင်းမောင်းနှင်မှု ရှစ်မှု၊ ယာဉ်မောင်းမကျွမ်းကျင်မှု ကိုးမှု၊ မူးယစ်မောင်းနှင်မှု
တစ်မှုနှင့် အနှေးယာဉ်ပေါ့ဆမှု နှစ်မှုတို့ဖြစ်ကြောင်း၊ ခရီးသည်ပေါ့ဆမှု၊ စက်ကိရိယာချို့ယွင်းမှု၊
ရာသီဥတု စသည့်အချက်များကြောင့်လည်း ယာဉ်တိုက်မှုများ ဖြစ်ပွားနိုင်ကြောင်းသိရသည်။
"မန္တလေးမှာ ဆိုင်ကယ်စီးရေက နှစ်ယောက်ကို တစ်စီးနှုန်းနီးပါးရှိလာတယ်။ ဆိုင်ကယ်စီးရေများ
လာတာနဲ့ အမျှ အပြင်ထွက်ရင်တထိတ်ထိတ်နဲ့ သွားလာနေရတယ်။ ဘယ်အချိန်များ ကိုယ့်ကိုဝင်
တိုက်မလဲလို့။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှု အားနည်းတော့ နေ့စဉ်လိုလို ယာဉ်
တိုက်မှုတွေကို မြင်နေရတယ်။ ရပ်၊ ကြည့်၊ သွား ရမယ့်နေရာတွေမှာ အရှိန်မလျှော့ဘဲ ဖြတ်တာ၊
ကွေ့တာတွေ လုပ်ကြတယ်။ မြို့တွင်းသတ်မှတ်မိုင်နှုန်းထက် ပိုမောင်းကြတယ်။ လမ်းလုကြတယ်။
ဒီတော့ ယာဉ်တိုက်မှုတွေကို တွေ့နေရဦးမှာပဲ။ ယာဉ်တိုက်မှုတွေ လျော့ကျဖို့ဆိုတာ တစ်ဦးချင်း
စည်းကမ်းလိုက်နာမှုပေါ် မှာလည်းမူတည်တယ်"ဟု မန္တလေးမြို့ခံ တစ်ဦးက ပြောသည်။















