အင်းလေးဒေသတွင်း အများပိုင် ဟိုတယ်နှင့် ခရီးသွားပို့ဆောင်ရေး လုပ်ငန်းစုဖြစ်မြောက်ရေး
အတွက် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကကျင်းပခဲ့သည့် ဒုတိယအကြိမ်ဒေသတွင်း ဆွေးနွေးပွဲအပြီး၌
အများပိုင်ကုမ္ပဏီ ထူထောင်ရန်ဆုံးဖြတ်ခဲ့ကြသည်။
အဆိုပါကုမ္ပဏီဖြစ်မြောက်ရေး ကနဦး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ရှယ်ယာ တစ်ယူနစ်လျှင်ကျပ်
သုံးသိန်းသတ်မှတ်၍ ရှယ်ယာရှင် ၅၀ ဦးပါ၀င်နိုင်မည့် အများပိုင်ကုမ္ပဏီတစ်ခုကို ထူထောင်ရန်
သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
ထိုနေ့ အခမ်းအနားတွင်မူ ကနဦး ကော်မတီက ဆွေးနွေးပွဲ တက်ရောက်လာသူများကို တစ်ယူနစ်
လျှင် သုံးသိန်းသတ်မှတ်ထားသော ရှယ်ယာများ ထည့်ဝင်ရန် ဖိတ်ခေါ်ခဲ့ရာ လုပ်ငန်းရှင် ၄၁ ဦး က
စာရင်းပေးသွင်းခဲ့ကြသည်။
"ပထမအကြိမ် အစည်းအဝေးကို ကျွန်တော် မတက်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အင်းသူအင်းသားတွေ
အများပိုင် ကုမ္ပဏီ ထူထောင်ဖို့ ကြိုးစားနေတာ ကြားရတဲ့အခါ ၀မ်းမြောက်ပါတယ်။ အင်းသူအင်း
သားတွေဟာ တောင်ကြီး၊ ရန်ကုန် စသဖြင့်နေရာအနှံ့မှာ ပြန့်နေပါတယ်။ ကိုယ့်အင်းသားစိတ်နဲ့
ခုလို ကြိုးစားကြတာ အရမ်းဝမ်းမြောက်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး စည်းလုံးစာနာသစ္စာ အရင်းခံပြီး
အင်းသူအင်းသားတိုင်း ပါ၀င်နိုင်တဲ့ အခွင့်အလမ်းတွေကို ဆွေးနွေးကြဖို့ အကြံပြုလိုပါတယ်"ဟု
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးအောင်ကြည်ဝင်းက အခမ်းအနား၌ ပြောကြား
သည်။
အင်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးသက်ထွန်းကလည်း "အင်းသားတွေ က လူညံ့မဟုတ်ပါဘူး။
တော်ပါတယ်။ ဘယ်နေရာမှာ တော်သလဲဆိုရင် စီးပွားရေး၊ ပညာရေးမှာ တော်တယ်။ တစ်ဦးချင်းပဲ
တော်နေတာ။ ချိတ်ဆက်ပြီး မတော်ကြဘူး။ အဲဒါ အားနည်းနေတယ်" ဟု ပြောသည်။
ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဦးထွန်းအောင်ကလည်း အင်းလေးကိုယ်စားပြု
ပေါ်ထွန်းလာသည့်အတွက် လုပ်သင့်လုပ်ထိုက်သည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း ပြောသည်။
"၂၀၁၁-၁၂ မှာ အင်းလေးကန်မှာ နိုင်ငံခြား ခရီးသွားဧည့်သည် ရှစ်သောင်း ကျော်ဝင်တယ်။ ၂၀၁၂
အကုန်မှာ တစ်သိန်းကျော်ဝင်ခဲ့တယ်။ နောင်နှစ် တွေမှာ နှစ်သိန်းကျော်ဝင်မယ်လို့ မှန်းထားတယ်။
အဲဒီတော့ အင်းသားတွေ ဘာတွေ ပြင်ဆင်ကြမလဲ"ဟု ဒေါက်တာ ထွန်းအောင်က ပြောသည်။
မြန်မာစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်ကျော်မိုးကလည်း ငွေကြေး
အတွက် မဟုတ်သော်ငြားလည်း တာဝန်ယူမှုအတွက် အင်းလေးဒေသတွင်း အင်းသားများပိုင်
ခရီးသွားလုပ်ငန်းစု မဖြစ်ဖြစ် အောင်လုပ်ရမည်ဟု ပြောသည်။
အင်းလေးဒေသတွင် ဟိုတယ်နှင့် ခရီးသွားပို့ဆောင်ရေးလုပ်ငန်း အလိုက်ပိုင်ဆိုင်မှုများ၌ ဒေသခံ
တိုင်းရင်းသားများပိုင်လုပ်ငန်းများမှာ ၁၀ ရာခိုင် နှုန်းခန့်သာရှိပြီး ကျန် ၉၀ ရာခိုင်နှုန်း ကိုအခြား
ဒေသများမှ လာရောက် လုပ်ကိုင်ကြခြင်း ဖြစ်သည်။
ဟိုတယ်လုပ်ငန်းနှင့် ပတ်သက်၍ ဟိုတယ်၊ မိုတယ်၊ အင်းအများစုမှာ အင်းသားပိုင်ဆိုင်မှု နည်းပါး
ပြီး ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း၊ ပို့ဆောင်ရေး လုပ်ငန်းများ၏ ရ၅ ရာခိုင်နှုန်းကိုလည်း အင်းသား
မဟုတ်သော အခြား လုပ်ငန်းရှင်များက ချုပ်ကိုင်ထားကြောင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းခွင်နေရာ
များ တွင် ဒေသခံတိုင်းရင်းသားများရရှိမှု နည်းကြောင်း သိရသည်။
ခရီးသွားများ စိတ်ဝင်စားမှုအများဆုံး ဖြစ်သည့် ညောင်ရွှေမြို့နယ် အင်းလေး ဒေသတွင် အင်းသူ
အင်းသားများ နေထိုင်သည့် ရွာပေါင်း ၄၀၀ ကျော် ရှိသည်။
















