မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် တောင်ပြုံးကျေးရွာအုပ်စုမှ ကြက် မွေးမြူရေးသမားများ
သည် ကြက်ပေါက်ဝယ်ယူရာတွင် အခက်တွေ့နေပြီး ကြက်ခြံလုပ်ငန်းအရှုံးများ၍ ကြက်မွေးမြူရေး
လုပ်ငန်းများလည်း နည်းပါးလာနေသည် ဟု သိရသည်။
ကြက်မွေးမြူရေးလုပ်ငန်းလုပ်သူများမှာ ကြက်ပေါက်ဝယ်ယူရာတွင် တစ်ဦးတည်းတင်သွင်းခွင့်ရ
ထားသည့် စီပီ ကုမ္ပဏီထံမှသာ ၀ယ်ယူနေရကြောင်း ကြက်မွေးမြူရေးလုပ်ကိုင်သူများက ပြော
သည်။
"CP ကုမ္ပဏီက အစာဝယ်မှ ကြက်ပေါက်ရောင်းပေးတယ်။ တစ်ဦးတည်းရှိတော့ ဈေးကိုင်တဲ့
သဘောပေါ့။ အစာ ဈေးကလည်း ကုမ္ပဏီကပဲအဓိကထိန်းချုပ်ထားသလိုဖြစ်နေတယ်။ အစာဝယ်မှ
ကြက်ပေါက်ရောင်းမယ်ဆိုတာ မဖြစ်သင့်တော့ပါဘူး" ဟု တောင်ပြုံးကျေးရွာ မှ ကြက်မွေးမြူရေး
သမားတစ်ဦးက ပြောသည်။
ကြက်စာအဓိကကုန်ကြမ်းဖြစ်သော ပြောင်းဈေးတက်လျင် ကြက်စာဈေးနှုန်း တက်သော်လည်း
ပြောင်းဈေးကျသည့် အခါတွင် ကြက်စာဈေးနှုန်းကျဆင်းသွား ခြင်းမရှိကြောင်း ၎င်းက ပြောသည်။
ကြက်စာများကို ထုတ်လုပ်ရောင်းချ နိုင်သော်လည်း ကြက်ပေါက်အလွယ် တကူဝယ်ယူမရရှိခြင်း
သည် ကြက် မွေးမြူရေးသမားများအတွက် ဈေးကွက်အထိခိုက်ဆုံးဖြစ်ကာ နှစ်ရှည်အရှုံးခံနေရခြင်း
၏ အဓိကအကြောင်းရင်းဖြစ်သည်ဟု အဆိုပါ ကြက်မွေးမြူရေးသမား က ပြောသည်။
"အစာဈေးကမြင့်တယ်၊ အသားဈေး ကချဝယ်တော့ အမြတ်နည်းတယ်။ ရှုံးတာများတော့ ဒဏ်မခံ
နိုင်တော့ ကြက်ခြံ တွေနည်းသွားတယ်။ တချို့လည်းမွေးတဲ့ အကောင်အရေအတွက် နည်းသွား
တယ်။ ကြက်ပေါက်ကို နိုင်ငံခြားက တင်သွင်းခွင့်ရရင်တော့ ကြက်ဈေးကွက်ပြန် ကောင်းနိုင်တယ်။
အခုတော့ ကုမ္ပဏီ တစ်ခုတည်းက ထိန်းချုပ်ထားသလိုဖြစ် နေတော့ အခြေအနေမကောင်းတာပါ"
ဟု ၎င်းကပင် ထပ်မံပြောပြသည်။
ကြက်ပေါက်ဈေးနှုန်းသည် တစ်ကောင်လျှင် ကျပ် ၆၃၀ မှ ရ၀၀ ကြားရှိပြီး၊ ကြက်စာဈေးနှုန်းမှာ
တစ်အိတ်လျှင် ကျပ် ၂၇,၀၀၀ မှ ၃၀,၀၀၀ အထိရှိကာ ဈေးနှုန်း အပြောင်းအလဲမှာလည်း မြန်ဆန်
သည် ဟု သိရသည်။
တိရစ္ဆာန်ဆရာဝန်တစ်ဦးကလည်း "ဲကြက်ပေါက်တွေကို တရားဝင်တင်သွင်း ခွင့်ပြုရင် ကြက်မွေးမြူ
ရေးသမားလည်း အမြတ်အစွန်းများများကျန်မယ်။ ကြက်စာရောင်းသမားတွေလည်း အလုပ်အကိုင်
ဖြစ်ထွန်းလာမယ်။ စားသုံးသူလည်း ဈေးနှုန်းသက်သာမယ်"ဟု ပြောသည်။
ကြက်ပေါက်များကို တောင်ကြီး၊ ပြင်ဦးလွင်မြို့များမှ မွေးမြူရေးသမားအချို့က ရောင်းချသော်လည်း
CP ကုမ္ပဏီကဲ့သို့ အများအပြားမရောင်းနိုင်ကြောင်း သိရသည်။















