လိမ်လည်မှု၌ ပြင်ဆင်မိန့် ချမှတ်မှု မကျေနပ်သဖြင့် တိုင်ကြားထား

လိမ်လည်မှု၌ ပြင်ဆင်မိန့် ချမှတ်မှု မကျေနပ်သဖြင့် တိုင်ကြားထား

'ကမ္ဘာကျော်' အမည်ဖြင့် ဓာတ်မြေဩဇာ ထုတ်လုပ်သည့် 'ရာဇတံခွန်' ကုမ္ပဏီမှ ၀န်ထမ်းဟောင်း
များက ဖြတ်လမ်းနည်း သုံး၍ တုပလိမ်လည်သည့်အမှုအပေါ် မန္တလေးတိုင်းဒေသကြီး တရားလွှတ်
တော်၊ တရားသူကြီးက တရားပြိုင်များဘက်မှ ရပ်တည်ပြီး တစ်ဖက်သတ်ဆန်စွာ ပြင်ဆင်မိန့်များ
ချမှတ်ခဲ့သည်ဟုဆိုကာ မန်နေဂျင်းဒါရိုက်တာ ဦးရဲမင်းအောင်က တိုင်ကြားစာများပို့ထား ကြောင်း
ယခုလ ၉ ရက်ကပြောသည်။

ယင်းတိုင်ကြားစာများကို နိုင်ငံတော် သမ္မတထံသို့ လည်းကောင်း၊ လာဘ်ပေး လာဘ်ယူမှု အရေး
ယူဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းထံသို့ လည်းကောင်း၊
ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံသို့ လည်းကောင်း၊ ပြည်ထောင်စုဥပဒေချုပ်ထံသို့လည်း
ကောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
ထံသို့ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်ထံသို့ လည်း
ကောင်း ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ လ ၂၉ ရက် ရက်စွဲဖြင့် ပေးပို့ထားသည်ဟု ၎င်းက ပြောသည်။

"ဥပဒေကိုလေးစားတဲ့အနေနဲ့ နောင် အခါကို ဒီလိုမဖြစ်အောင်လို့ တိုင်ကြား ရခြင်းဖြစ်ပါတယ်"ဟု
၎င်းက ပြောသည်။

ထို့ပြင် အသနားခံစာကိုလည်း ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက် ရက်စွဲဖြင့် ပေးပို့ထားသည်ဟု
ဆိုသည်။

တရားစွဲခဲ့သော သူရဆယ်တင်ကို ထောင်ဒဏ် ခုနစ်နှစ်၊ ဇော်မင်းဦးကို ထောင်ဒဏ် ခြောက်နှစ်နှင့်
ထွန်ထွန်းနိုင် ကို ထောင်ဒဏ်ရှစ်နှစ်တို့ဖြင့် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် ပျဉ်းမနားမြို့နယ်
တရားရုံးမှ ပြစ်ဒဏ်များချမှတ်ခဲ့သည့် အပြင် တရားသူကြီး ဦးဝင်းရှိန်မှလည်း ပုဒ်မ ၄၀၈ နှင့် ပုဒ်မ
၄၀၈/၁၁၄ တို့ဖြင့် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က စွဲချက် တင်ခဲ့သည်။

သို့သော်လည်း တရားပြိုင်များဘက်မှလည်း ပြစ်ဒဏ်များချမှတ်ခြင်းအပေါ် ကျေနပ်မှုမရှိ၍
နေပြည်တော်ခရိုင်တွင် ပြင်ဆင်မှုများ ခံယူခဲ့သော်လည်း ပျဉ်း မနားမြို့နယ်တရားရုံး၏ အမိန့်သည်
ဥပဒေနှင့် ကိုက်ညီသည့်အတွက် အတည်ပြုခဲ့သည်။

၎င်းတို့ကလည်း ထပ်မံ၍ မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော်တွင် ပြင်ဆင်မှုခံယူခဲ့သည့်
အခါ တရားသူကြီး ဦးကြည်သိန်းမှ ယခင်ချမှတ်ထားသော အမိန့်ကို ပြင်ဆင်ပြီး ပြစ်ဒဏ်များ
လျှော့ချခဲ့ခြင်းဖြစ်သည်။

" ပြစ်ဒဏ်တွေ အလွန်အမင်း လျှော့ချ ခြင်းသည် ပြစ်မှုကျူးလွန်သူများအား အားပေးရာ ရောက်နေ
သည်ဆိုပြီး ပြစ်မှု ပြင်ဆင်မှုဥပဒေစာအုပ်ထဲမှာ ဖတ်ဖူး ပါတယ်။

"ဒါကြောင့် ဒီလိုတော့ မဖြစ်သင့်ဘူး လို့ ထင်ပါတယ်၊ ဒါပေမဲ့ သူတို့ကို အခု လို တရားစွဲခဲ့တာက
တခြားလုပ်ငန်းရှင် တွေလည်း ကျွန်တော့်လို တုပလိမ်လည်တာ မခံရစေဖို့ စံပြအနေနဲ့ တရားစွဲခဲ့
တာပါ"ဟု ဦးရဲမင်းအောင်က ပြောသည်။

ယင်းသို့ ပြစ်ဒဏ်များ လျှော့ပေါ့ ချမှတ်ရာတွင် သူရဆယ်တင်ကို ထောင်ဒဏ် တစ်နှစ်အထိ
လည်းကောင်း၊ ထွန်းထွန်းနိုင်ကို ထောင်ဒဏ်တစ်နှစ်ခွဲ နှင့် ဇော်မင်းဦးကို တစ်နှစ်အထိလည်း
ကောင်း ချမှတ်ခဲ့သည်။

အဆိုပါ အမိန့်ပြောင်းလဲပြင်ဆင်ချမှတ်ခြင်းနှင့်ပတ်သက်ပြီး တိုင်ကြား ချက်များအပေါ် ထူးခြားမှု
မရှိပါက ထပ်မံ တိုင်ကြားမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

အထက်ပါ တရားပြိုင်သုံးဦးသည် ယခင်က ရာဇတံခွန်ကုမ္ပဏီတွင် ယုံကြည်အားကိုးသူများအဖြစ်
လုပ်ကိုင် ခဲ့ဖူးပြီး ၂၀၁၁ ခုနှစ်၊ ဧပြီလတွင် ကုမ္ပဏီ ပိုင်ငွေ ကျပ် ၈,၃၁၆,၁၅၀ ကို မိမိသဘော ဆန္ဒ
အလျောက်ယူပြီး အလုပ်မှထွက်သွားကာ ယင်းငွေများဖြင့် ကမ္ဘာကျော် နှင့် သံဓား အမည်ပြောင်း၍
မူလ အရည်အသွေးနှင့် တစ်ပုံစံတည်း ဓာတ်မြေဩဇာများ တုပပြုလုပ် ဖြန့်ဖြူးခဲ့သည်ဟု ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး