မှန်စီရွှေချ ဈေးကွက်အခြေအနေကောင်းသော်လည်း အရှုံးပေါ်

မှန်စီရွှေချ ဈေးကွက်အခြေအနေကောင်းသော်လည်း အရှုံးပေါ်

မိသားစုလက်မှုပညာလုပ်ငန်း တစ်ခုဖြစ် သော မှန်စီရွှေချလုပ်ငန်းမှာ ယခုနှစ်တွင် ဈေးကွက်အခြေ
အနေကောင်းမွန်သော်လည်း ဈေးနှုန်းရရှိမှုထက်ဝက်ခန့်ကျ ဆင်းလျက်ရှိသောကြောင့် အရှုံးပေါ်နေ
သည်ဟု မှန်စီရွှေချလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

ယခုနှစ် မှန်စီရွှေချဈေးကွက်မှာ ယမန် နှစ်ကထက် ကောင်းမွန်သည်ဟုဆိုနိုင် သော်လည်း လုပ်ငန်း
ရှင်များလိုချင်သည့် ဈေးနှင့် ၎င်းပစ္စည်းများကို ပြန်လည်ဝယ်ယူသော နိဗ္ဗာန်ကုန်ဆိုင်များကပေး
သော ဈေးကိုက်ညီမှုမရှိသောကြောင့် ရောင်းအားကျဆင်းလာပြီး၊ လုပ်ငန်းရပ်ဆိုင်းထားမှုများရှိ
သည်ဟုလည်း မှန်စီရွှေချ လုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်သူ ကိုကျော်သူရက ပြောသည်။

"မနှစ်က ရောင်းအားအခြေအနေရော၊ ဈေးနှုန်းရရှိမှုရော ၈၀ ရာခိုင်နှုန်း လောက်ကိုကောင်းတယ်။
ဒီနှစ်အစပိုင်းကတည်းက ကျွန်တော်တို့လုပ်နေရတာ လုံးဝကိုမမြတ်ဘူး။ မှန်စီထားတဲ့ပုံမှန် ဆိုဒ်
အသေးတစ်လုံးကို အရင်နှစ်က ငွေ ကျပ်တစ်ဆယ်နဲ့ နိဗ္ဗာန်ကုန်ဆိုင်တွေကို ရောင်းနိုင်ပေမယ့်၊
ဒီနှစ်ကျတော့ အလုပ်သမားခနဲ့ ကုန်ကြမ်းဈေးတက်လာတော့ ၁၅ ကျပ်ထိ တိုးလိုက်တယ်။ ဒါပေမဲ့
နိဗ္ဗာန် ကုန်ဆိုင်တွေက လက်မခံဘူး။ ကျွန်တော်တို့ တစ်နေ့စိုက်ထုတ်ရတဲ့ဝင်ငွေက ကျပ် ၁၀,၀၀၀
ရှိတယ်။ ကျပ်တစ်ဆယ်တန် အလုံးတစ်ထောင်ရောင်းမှ ၁၀,၀၀၀ ပြန်ရတော့ တစ်နေ့တစ်နေ့
ထမင်းစားဖို့ တောင် မနည်းလုပ်နေရတယ်"ဟု ၎င်းက ပြောသည်။

လအလိုက် ရောင်းအားအတက် အကျရှိသည့် မှန်စီရွှေချဈေးကွက်မှာ ၀ါတွင်းသုံးလတွင် ပုံမှန်ဈေး
ကွက်အေး သော်လည်း ကျန်လများ၌ ပုံမှန်ရောင်းချရပြီး၊ အဓိကဈေးကွက်မှာ နိဗ္ဗာန်ကုန်ဆိုင်များ
ဖြစ်သည်ဟုု သိရသည်။

"ကျွန်တော်တို့က ဘုရားကြီးထဲက ဆိုင်တွေကိုပဲ အဓိကသွင်းတာဆိုတော့ ဈေးနှုန်းတွေက ညှိလုပ်
နေရတယ်။ အရင်နှစ်တွေက ၀ါတွင်းသုံးလကလွဲရင် ပုံမှန်အလုပ်ဖြစ်ပေမယ့် ဒီနှစ်ကတော့ တကယ်
ကို အလုပ်ပါးနေတာ"ဟု ၎င်းက ပြောသည်။

ဈေးကွက်အတွင်း ပုံမှန်ရောင်းရသော မှန်စီရွှေချပစ္စည်း ပုံမှန်ဆိုဒ်တစ်ခုလျှင် ငွေကျပ် ၁၀ မှ အမြင့်
ဆုံးစိန်ပုံစံအပြီး သတ်သွေးထားသောပစ္စည်းမှာ ကျပ် ၂,၀၀၀ ထိ ဈေးရှိပြီး၊ မှန်စီရွှေချအမျိုးအစား
ပေါင်း ၁၅၀ ကျော်ရှိသည်။

မှန်စီရွှေချပြုလုပ်ပြီး ကုန်ချောများကို မန္တလေးမြို့တွင်း ရောင်းချမှုအပြင် နယ်မြို့များနှင့် ထိုင်းအထိ
ပါသွားရောက် ရောင်းချမှုရှိသည်ဟု အဆိုပါလုပ်ငန်း လုပ်ကိုင်တစ်ဦးက ထပ်မံပြောသည်။

"နယ်တွေသွားရောင်းတာကတော့ အောက်မြန်မာပြည်ဖြစ်တဲ့ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်မြို့နဲ့ သထုံ
မြို့တွေများတယ်။

ထိုင်းနိုင်ငံသွားရောင်းရင်တော့ သူတို့ ကြိုက်တဲ့ဒီဇိုင်းဖော်ခိုင်းပြီး ၀ယ်ကြတယ်။

အများအားဖြင့်ဖော်ခိုင်းတာက ကြေးစည်ပုံ၊ ဦးတိပွားပုံ၊ ပစ်တိုင်းထောင်ပုံနဲ့ကွမ်ရင်မယ်တော်ပုံတွေ
ပါ"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး