ကျောက်ဝိုင်း၌ အသိအမှတ်ပြု လိုင်စင်ထုတ်ပေးရန် တောင်းဆို

ကျောက်ဝိုင်း၌ အသိအမှတ်ပြု လိုင်စင်ထုတ်ပေးရန် တောင်းဆို

မန္တလေးမြို့မဟာအောင်မြေကျောက် မျက်ဈေးတွင် လုပ်ကိုင်သောကဏ္ဍအလိုက် အသိအမှတ်ပြု
လိုင်စင်ကတ် ပြုလုပ်ပေးရန် ကျောက်ဝိုင်းဈေးသူ ဈေးသားများက တောင်းဆိုထားသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ကပြုလုပ်ခဲ့သည့် အထက်မြန်မာပြည်ကျောက်မျက် လုပ်ငန်းရှင်များ ဒုတိယ
အကြိမ်မြောက် အစည်းအဝေးတွင် ကျောက်ဝိုင်းဈေးသူ ဈေးသားများအတွက် သတ္တုတွင်းဝန်ကြီး
ဌာနနှင့် ကျောက်မျက်လုပ်ငန်းရှင်များအသင်း အသိအမှတ်ပြုလိုင်စင်ကဒ်ကို သက်သာသောနှုန်း
ထားဖြင့် ပြုလုပ်ပေးရန်တင်ပြထားသည်ဟု ကျောက်မျက် ရတနာရောင်းဝယ်ရေးစခန်း အကျိုး
ဆောင်ကော်မတီမှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်က ပြောသည်။

"ဒီကိစ္စကို အစည်းအဝေးမှာအသင်း ဥက္ကဋ္ဌ ဦးရန်အောင်ဆီ တင်ပြခဲ့ပါတယ်။ သူကလည်း
ကျွန်တော်တင်ပြတဲ့အကြံဉာဏ်ကို သဘောကျပါတယ်။ ၀န်ကြီးဌာနကို တင်ပြပေးမယ်ဆိုတဲ့အနေ
အထားမျိုးရှိပါတယ်။ ပြီးတော့ လိုင်စင်ကဒ်လုပ်ရင် သက်သာတဲ့ဈေးနှုန်းလည်း ဖြစ်စေချင်တယ်။
လောလောဆယ်တော့ ကဒ်ဈေးနှုန်းကို ကျပ် ၃၅,၀၀၀ ခွဲလို့ပြောထားပေမယ့် ကျွန်တော်ကတော့
ကျပ် ၂၅,၀၀၀ လောက်နဲ့ ဖြစ်အောင်လုပ်ပေးပါလို့တောင်းဆိုထားပါတယ်" ဟု ၎င်းက ပြောသည်။

ထိုကဲ့သို့ လိုင်စင်ကဒ်ပြုလုပ်ခြင်းအားဖြင် ့ကျောက်ဝိုင်းအတွင်းရှိ ဈေးသူ၊ ဈေးသားများသည် ၎င်းတို့
လက်ရှိလုပ်ကိုင် နေသည့်အလုပ်အမျိုးအစားအလိုက် ပွဲစား၊ ကုန်သည်အစရှိသဖြင့် ကွဲပြားစွာ
လုပ်ကိုင်နိုင်မည်ဖြစ်သောကြောင့် များစွာအဆင်ပြေနိုင်မည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြား
သည်။

"တရုတ်နိုင်ငံ၊ ရွှေလီမြို့ထဲက ကျောက်ဝိုင်းတွေမှာ ပွဲစားလိုင်စင်၊ ကုန်သည်လိုင်စင်တွေရှိကြတယ်။
မန္တလေးမြို့မှာ အလားတူ အသိအမှတ်ပြုလိုင်စင်ရှိ လုပ်ငန်းတစ်ခုရှိတယ်။ ကုန်စည်ဒိုင်တွေ ပေါ့၊
အဲဒီကုန်စည်ဒိုင်တွေလို လုပ်ပေးစေချင်တာပါ"ဟု ၎င်းက ပြောသည်။

အသိအမှတ်ပြုလိုင်စင်ထုတ်ပေးခြင်းအားဖြင့် သတ္တုတွင်းဝန်ကြီးဌာနနှင့် အထက်မြန်မာပြည်
ကျောက်မျက် လုပ်ငန်းရှင်များအသင်းတို့တွင် အခွန်ဝင်ငွေရရှိမည်ဖြစ်ပြီး၊ ဈေးသူဈေးသားများမှာ
လည်း စိတ်လက်ချမ်းသာမည်ဖြစ် ကြောင်း၊ ကျောင်းဝိုင်း၌ လုပ်ကိုင်သူ စုစုပေါင်း ၅၀,၀၀၀ ကျော်
ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး