မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်အတွင်းရှိ ယခင်စီမံချက်များဖြင့် သိမ်းယူခံခဲ့ရသော
တောင်ယာစိုက်ပျိုး မြေများတွင် တောင်သူအများစုမှာ ပြန်လည်စိုက်ပျိုးလုပ်ကိုင်ခွင့် ရရှိနေကြပြီ
ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ တောင်သူများ မိမိကိုယ်ပိုင် မြေနေရာတွင် ပြန်လည်စိုက်ပျိုးနိုင်ခွင့် ရရှိရေးအတွက်
ပြင်ဦးလွင်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)မှ
သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
"အသိမ်းခံခဲ့ရတဲ့နေရာတွေက တစ်နေရာနဲ့ တစ်နေရာ၊ ခုနှစ်တွေကတော့မတူဘူး။ အရင်စစ်အစိုးရ
လက်ထက်တုန်းကသိမ်းထားတာတွေပါ။ စီမံချက်လည်း အကောင်အထည်မဖော်တော့တဲ့အတွက်
တောင်သူတွေမိမိပိုင်ဆိုင်တဲ့ လယ်မှန်ရင် မြေစာရင်း၊ သစ်တောနဲ့ တခြားအုပ်ချုပ်မှုပိုင်းဆိုင်ရာ
တာဝန်ရှိသူ တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး စီစဉ်လုပ် ဆောင်ပေးပါတယ်။ အခုချိန်ထိကို တောင်သူတွေ
ပြန်စိုက်ပျိုးနိုင်ဖို့အတွက်ကို ဆောင်ရွက်ပေးနေရပါတယ်။ ပြန်စိုက်ပျိုးလို့ရတဲ့မြေကတော့ ဧက
တစ်သောင်းကျော်ထိကို ရှိနေပြီ"ဟု ပြင်ဦးလွင်မြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးကျော်သီဟ (အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်)က ပြောသည်။
တောင်သူများက ပြန်လည်စိုက်ပျိုးရာတွင် စီမံချက်အတွက် ဆောင်ရွက်ထားသောကျောက်တိုင်
များ၊ အဆောက်အအုံများကို ဖျက်ဆီးခြင်းမပြုဘဲ စိုက်ပျိုး၍ရနိုင်သောနေရာများတွင်သာ ပြန်လည်
စိုက်ပျိုးကြသည်။
"၂၀၀၉ ခုနှစ်က သိမ်းခံရတာ။ ကော်ဖီ စိုက်ခင်းစီမံချက်ဆိုပြီး သိမ်းသွားတာ။ အောင်မြင်လားဆို
တာ့လည်း မအောင် မြင်ဘူး။ တချို့ဆိုရင် မြေနေရာတွေကို ပြန်ပြီး လက်လွှဲရောင်းနေတာတွေ
တောင်ရှိတယ်"ဟု မြေပုံကျေးရွာမှ တောင်ယာစိုက်ပျိုးသူ အသက် ၄၅ နှစ် အရွယ်ရှိ ဦးဖြူ က
ပြောသည်။
ပြင်ဦးလွင်မြို့နယ်တွင် ကော်ဖီစိုက်ပျိုး ရန်နှင့် ပိုးဇာထုတ်ယူရန်် လယ်ယာမြေများ သိမ်းယူခြင်းခံခဲ့ရ
ကြောင်း၊ အချို့မြေ နေရာများအတွက် နစ်နာကြေးများရရှိခဲ့သလို အချို့နေရာများတွင် နစ်နာကြေး
လုံးဝမရရှိကြောင်း ပြင်ဦးလွင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းမင်းလတ်
က ဆိုသည်။
"အခု တောင်သူတွေ ပြန်ပြီးစိုက်ပျိုးတဲ့ နေရာတွေကတော့ စီမံချက်နဲ့ သိမ်းထားတဲ့နေရာတွေပဲရ
သေးတယ်။ စစ်တပ်က သိမ်းထားတဲ့မြေနေရာတွေကတော့ တောင်သူတွေကို သီးစားပြန်ချထားလို့
လုပ်နေရတုန်းပဲရှိသေးတယ်။ သီးစား မပေးတဲ့နှစ်ဆိုရင် လုပ်ခွင့်မရဘူး။
"မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေမှာလည်း စီမံချက်နဲ့ ချထားပေးတဲ့နေရာ
တွေမှာ နှစ်အလိုက် စိုက်ပျိုးမှုရာခိုင်နှုန်းတွေ ပြီးရမယ်။ အခု အနေအထားက တော်တော်များများ
ဘာမှကို မလုပ်တာ။
"အရင်စီမံချက်တွေ မအောင်မြင်ဘဲနဲ့ အခု ထပ်ပြီးတော့ စီမံချက်မြေနေရာတွေ ချပေးထားတာတွေ့
ရတယ်။ အဲဒီနေရာ တွေမှာလည်း တွင်းထွက်သယံဇာတ ပစ္စည်းတွေတူးနေတယ်လို့ သတင်းရ
ထားတယ်။ အတည်မပြုနိုင်သေးပါဘူး"ဟု ဦးကျော်သီဟက ပြောသည်။
ပြင်ဦးလွင်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းသို့ မြေယာကိစ္စများ တိုင်ကြားသူဦးရေမှာ
နေ့စဉ် ၁၀ ဦးနှင့် အထက် ရှိကြောင်းသိရသည်။















