မန္တလေးမြို့ရှိ ၅၈ လမ်းသည် လမ်း ၃၀ နှင့် ၃၅ လမ်းကြားတွင် ဘုန်းကြီးကျောင်း ပိတ်နေသဖြင့်
တစ်ဆက်တည်းလမ်း ဖောက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး
ကော်မတီ လမ်းတံတားဌာနမှ အရာရှိတစ်ဦးက ပြောသည်။
"၅၈ လမ်းက လမ်း ၃၀ နဲ့ ၃၅ လမ်းကြားမှာ ပိတ်နေတယ်။ အဲဒီအပိုင်းမှာ လမ်းဖောက်ဖို့အတွက်
သက်ဆိုင်ရာဘုန်းကြီးကျောင်းနဲ့ ညှိနှိုင်းထားတာ အကြမ်းပြင်း သဘောတူညီမှုတော့ ရထားပြီ။
လမ်းကိုတော့ ပေ ၆၀ အကျယ်ရှိတဲ့ ကတ္တရာလမ်းအဖြစ်ဖောက်သွားမှာပါ။ ၆၂ လမ်းပြီးသွားရင်
၅၈ လမ်းဟာ မြောက်ဘက် ၁၉ လမ်းကနေ တောင် ဘက်စက်မှုဇုန်ဘက်မှာရှိတဲ့ အမှတ် ၆ ရေဆိုး
ပစ်မြောင်းအထိတစ်ဆက်တည်း သွားနိုင်တဲ့လမ်းဖြစ်လာမှာပါ" ဟု လမ်းတံတားဌာနမှူးက ပြော
သည်။
အဆိုပါ ၅၈ လမ်းကို မနော်ဟရီ လမ်း နှင့် မန္တလေး-ပြင်ဦးလွင်ရထား လမ်းအကြားတွင်လည်း
ပြုပြင်လျက် ရှိရာ ပြီးစီးပါက ၆၂ လမ်းယာဉ်ကြော ကြပ်နေမှုကို လျော့ချနိုင်ရန် လိုင်းကားများကို
၅၈ လမ်းကိုသာ အသုံးပြုသွားလာစေမည် ဖြစ်ကြောင်း ဒေါ်ခင်မေဌေးက ပြောသည်။
မန္တလေးမြို့တွင် လမ်းအများစုမှာ တစ်ဆက်တည်းသွားလာနိုင်ခြင်းမရှိ ကြောင်း၊ အထူးသဖြင့်
အရှေ့ အနောက်လမ်းများမှာ ခါးပြတ်လျက် ရှိကြောင်း မြို့ခံတစ်ဦးက ပြောသည်။
"မန္တလေးမြို့မှာက အရှေ့အနောက် လမ်းတွေက ခါးပြတ်နေတယ်။ ၁၂ လမ်းကနေ ၂၆ လမ်းအထိ
က ကျုံးကဖြတ်ထားတယ်။ ၂၆ လမ်းကနေပြီး ၃၅ လမ်းအထိက ဘူတာကြီးခံနေတယ်။ နောက်ပြီး
၃၇ လမ်းက နေပြီးတော့ သိပ္ပံလမ်းအထိက စစ်တပ်နဲ့ တက္ကသိုလ်ကပိတ်နေတယ်။ ၃၅ လမ်း ခုံး
ကျော်နဲ့ ၄၂ လမ်းခုံး ကျော်တွေကလည်း ဆိုင်ကယ် တက်ခွင့် ပိတ်ထားတယ်။ ဒီတော့ အရှေ့
အနောက် တောက်လျှောက် သွားနိုင်တဲ့လမ်းတွေမှာယာဉ်တွေ ပြံုပြီးသွားကြတယ်။ တစ်ကွေ့
တစ်ပတ်ကြီးသွားရတယ်။ ဘူတာကြီးခုံးကျော်ကို အခမဲ့ သွားလာခွင့်ပြုရင်တော့ ၂၆ လမ်းနဲ့ ၃၅
လမ်းမှာ အတိုင်းအတာတစ်ခု ထိတော့ ယာဉ်ကြော လျှော့ချနိုင်ပါ လိမ့်မယ်"ဟု မန္တလေးမြို့ခံ
တစ်ဦး ဖြစ်သူ ကိုဉာဏ်ဝင်းက အကြံပြုသည်။
ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း ၆၆ လမ်းကို ၃၂ လမ်းမှ ၃၅ လမ်းအထိ ဖောက်ခဲ့ကြောင်းလည်း
သိရသည်။















