မန္တလေးမြို့တွင်းရှိ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများသည် ပြည်ကြီးမင်္ဂလာ ကုန်တင်ယာဉ်ရပ်နား
စခန်းတွင် ငှားရမ်းရန်သဘောတူညီမှုရရှိကြောင်း မန္တလေးတိုင်းဒေသကြီး အဝေးပြေးကုန်စည်ပို့
ဆောင်ရေးနှင့် ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်းဒုတိယဥက္ကဋ္ဌဦးဝင်းမြင့်က ပြောကြားသည်။
"မန္တလေးက မြို့မိမြို့ဖတွေနဲ့ဖွဲ့စည်း ထားတဲ့ မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီရဲ့ အကြံပေးအဖွဲ့က နေဝင်ရောက်ညှိနှိုင်းပေးတဲ့အတွက် ရွှေ့ ပြောင်းဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။
ကျွန်တော်တို့ တောင်းဆိုထားတဲ့ တစ်ခန်းကို တစ်လတစ်သိန်းခွဲနဲ့ ငှားရမ်းဖို့ကို လိုက်လျောပေးပါ
တယ်။ မူလကအသင်း အစည်းအဝေးမှာ ဖေဖော်ဝါရီလ ၁၆ ရက် နေ့မတိုင်ခင် သက်ဆိုင်ရာအဖွဲ့
အစည်း တွေနဲ့ ပြေလည်အောင်ညှိနှိုင်းမယ်၊ ညှိနှိုင်းလို့မရဘူးဆိုရင် ကုန်ဂိတ်တွေ အကုန်ရပ်ပစ်မယ်
လို့ ဆွေးနွေးခဲ့တယ်။ မန္တလေးကဂိတ်တွေရပ်ရုံနဲ့ ပြီးမသွားပါဘူး။ ရန်ကုန်၊ မူဆယ်၊ တောင်ကြီး၊
မုံရွာ စတဲ့မြို့တွေက ဂိတ်တွေလည်း ရပ်သွားမယ်။ မန္တလေးကို ကုန်စည်တွေ ၀င်မလာဘူးဆိုရင်
မြို့သူမြို့သားတွေပဲ နစ်နာမယ်။ ကုန်ဈေးနှုန်းတွေ မြင့်သွားမယ်။ ဒါ့ကြောင့် အားလုံးအဆင်ပြေစေ
ဖို့နဲ့ ညှိနှိုင်းလို့လည်း အဆင်ပြေတာကြောင့် ပြောင်းရွှေ့ဖို့ကို လက်ခံလိုက် တာပါ"ဟု ဦးဝင်းမြင့်က
ပြောသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသည် ပြည်ကြီးမင်္ဂလာကုန် တင်ယာဉ်ရပ်နားစခန်း
တွင် ၂၅ ပေ၊ ၆၀ ပေရှိ အာရ်စီနှစ်ထပ်ကွန်ကရစ်အခန်း ပေါင်း ၁၅၀ ကို စတင်ဆောက်လုပ်ခဲ့သည်။
ဂိတ်ခန်းတစ်ခန်း ကျပ်သိန်း ၁,၃၅၀ ဖြင့်ရောင်းချပြီး ကျပ်ခုနစ်သိန်း ဖြင့် ငှားရမ်းခွင့်ပြုခဲ့ရာ အဆိုပါ
ကုန်တင် ဂိတ်ခန်း ၁၅၀ ခန်းအနက် ၁၂ ခန်းကိုသာ ကုန်တင်ဂိတ်များက ၀ယ်ယူခဲ့သည်။
ထို့ကြောင့် တန်ဖိုးနည်းကုန်တင်ဂိတ်ခန်းပေါင်း ၁၃၉ ခန်း ထပ်မံ တည်ဆောက်ခဲ့သည်။ တစ်ခန်း
လျှင် ကျပ် သိန်း ရ၀၀ ဖြင့် ရောင်းချမည်ဖြစ်ပြီး ငှားရမ်းလိုပါကလည်း တစ်ခန်းကို ကျပ်သုံးသိန်းဖြင့်
ငှားရမ်းသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ လ ၁၇ ရက်နေ့က ပြုလုပ်သော ပြည်ကြီး မင်္ဂလာကုန်တင်
ယာဉ်ရပ်နားစခန်းသို့ ကုန်တင်ဂိတ်များ ပြောင်းရွှေ့ဖွင့်လှစ်ရေး နှင့် ကုန်တင်ဂိတ်များ ၀ယ်ယူငှားရမ်း
ရေး တွေ့ဆုံဆွေးနွေးပွဲ၌ မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက ပြောသည်။
"မြို့ထဲမှာ ကုန်တင်ဂိတ်ပေါင်းက ၂၀၀ ကျော်ရှိပါတယ်။ လက်ရှိသူတို့ ပြောတဲ့တန်ဖိုးနည်းကုန်ဂိတ်
ခန်း ၁၃၉ ခန်းမှာ မဲစနစ်နဲ့ငှားရမ်းထားပါတယ်။ လိုအပ်တဲ့အခန်းတွေကိုတော့ ဂိုဒေါင်တွေမှာယာယီ
ငှားပေးထားမယ်။ နောက် လေးလကြာရင် အဆောက်အအုံတွေ ဆောက်ပေးမယ်လို့တော့
မြို့တော်ဝန်ကြီးက ပြောထားတယ်။ ကျွန်တော်တို့အနေနဲ့ အမြန်ဆုံးရွှေ့နိုင်အောင် ပူးပေါင်းဆောင်
ရွက်နေပါတယ်"ဟု အဝေးပြေး ကုန်စည်ပို့ဆောင်ရေးနှင့် ၀န်ဆောင်မှု လုပ်ငန်းရှင်များအသင်း
အတွင်းရေးမှူး ဦးသွင်စိုးကပြောသည်။
အဆိုပါ ပြည်ကြီးမင်္ဂလာကုန်တင် ယာဉ်ရပ်နားစခန်းသို့ ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းများ ပြောင်း
ရွှေ့ခြင်းသည် ကုန်စည်သယ်ယူစရိတ်များ ပိုမိုကုန်ကျ လာနိုင်ကြောင်း ၎င်းက ပြောသည်။
"ပြည်ကြီးမင်္ဂလာကားကွင်းကို ရွှေ့ ပြောင်းလိုက်တဲ့အတွက် သိန်းပေါင်းများစွာ ဆုံးရှုံးသွားတယ်။
ကျွဲဆည်ကန်ပတ်ဝန်းကျင်မှာရှိတဲ့ ဂိုဒေါင်ကြီးတွေ ဆောက်ထားတဲ့ ရင်းနှီးမြှုပ်နှံငွေတွေ ဆုံးရှုံးသွား
တယ်။ ကျွဲဆည်ကန်မှာဆိုရင် ဂိုဒေါင်မှာပဲ ကားဖင်ထိုးပြီး ကုန်တင်ကုန်ချ လုပ်လို့ရတယ်။ ဟိုကို
ရွှေ့ပြောင်းလိုက်တဲ့အတွက် သယ်ယူစရိတ်ဟာ ကားတစ်စီးကို တစ်သိန်းလောက်ပိုကုန်ကျလိမ့်
မယ်။ ၂၂ ဘီးကားတစ်စီးဆိုရင် မြို့ထဲကို အနည်းဆုံးငါးခေါက်လောက်ကဲ့ယူရလိမ့်မယ်။ နောက်ပြီး
ကုန်တင် ဂိတ်တွေက အလုပ်သမားတွေရဲ့မိသားစု တွေဟာလည်း နေရေးထိုင်ရေး၊ သွားရေး၊ လာ
ရေးစတဲ့ အခက်အခဲတွေလည်း ရှိလာမယ်"ဟု ဦးသွင်စိုးက ပြောသည်။
ပြည်ကြီးမင်္ဂလာကုန်တင် ယာဉ်ရပ်နားစခန်း တည်ဆောက်ရန် အမရပူရမြို့နယ် နတ်ရေကန်ကျေး
ရွာအုပ်စု ဖျောက်ဆိမ့်ကုန်းကျေးရွာမှ လယ်မြေ ၁၀၅ ဧကကို သိမ်းယူခဲ့ပြီး ဒေသခံလယ်သမားများ
အား ယနေ့အချိန်ထိ လျော် ကြေးပေး အပ်ခြင်း၊ ယာဉ်ရပ်နားစခန်း မှာ ၆၂ ဒသမ ၀၈ ဧကသာရှိပြီး
ပိုလျှံသော လယ်မြေများကို မူလပိုင်ရှင်ထံပြန်လည် ပေးအပ်ခြင်းများမရှိသေးကြောင်း လယ်သိမ်းခံ
တောင်သူ ဦးသောင်းထွန်းက ပြောကြားသည်။















