အခုတစ်လော မြန်မာပြည်တစ်ဝန်းမှာ ရေနွေးအိုးဆူပြီး ပလုံစီထနေသလို ဟိုနေရာပွက်ပွက်၊
ဒီနေရာပွက်ပွက်ဖြစ် နေတာက 'တန်ဖိုးနည်း' ဆိုတဲ့အသံဖြစ် နေမယ်ထင်ပါရဲ့နော။
ကိုယ်အပါအဝင် မပြည့်စုံမှုတွေ၊ လိုအပ်ချက်တွေများနေတဲ့သူတွေအတွက် ဘယ်အရာမဆို တန်ဖိုး
နည်းစေချင် နေတာဆိုတော့လည်း ဘာတွေကို ဘယ်လိုတွေများ ဘယ်အတိုင်းအတာအထိ
'တန်ဖိုးနည်း' နေကြတာပါလိမ့်ဆိုတဲ့ အတွေးက သိချင်စိတ်ကို ရိုက်ခတ်လာ ပြီပေါ့။
တောင်းဆိုလိုက်ကြရတာ တန်ဖိုးနည်းအောင် လုပ်ပေးဖို့အသံတွေ။ တောင်းတိုင်း ဖြစ်လာတာ
မလာတာ အသာထားလိုက်ပါ၊ အသံတွေမှာသာ အလေးချိန်စီးနေမယ်ဆိုရင်တော့ တိုင်တည်
ဦးတည်ပြီး အပြောခံနေကြရတဲ့ (သမ္မတကြီး) ဘဘဦးသိန်းစိန်တို့၊ တိုင်း ဒေသကြီးအစိုးရ/
ပြည်နယ်အစိုးရတို့ ဆိုတာလည်း၊ အင်း တွေးသာကြည့်ကြ ပါတော့ ...။
ကျွန်တော်တို့တတွေကို တန်ဖိုးနည်းနဲ့ စပြီးနပန်းလုံးမိစေတာမှာ တယ်လီဖုန်း ကိစ္စက ထိပ်တန်းဖြစ်
မလားပဲ။ လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တစ်စင်းထိတဲ့ကိစ္စမှာ လူ့အဖြစ်ရဖို့ မဟုတ်
ဘဲ လက်ကိုင်ဖုန်းတစ်လုံး ရဖို့ကိစ္စလည်း ဟိုးတုန်းက ပါခဲ့တာကလား။
အခု ကျပ် ၅,၀၀၀ လောက်နဲ့ ဖြစ်သင့်တဲ့ ဖုန်းတစ်လုံးကို အဲဒီတုန်းက ဆယ့်ငါးသိန်းလောက်
ငွေသွင်းပြီး တစ်ပိုင်းသေမတတ်ဝယ်ချင်တာတောင် ရခဲ့တာမဟုတ်ဘူး။ အဲလို ငွေသွင်းဖို့ လက်မှတ်
ရအောင်ကို ဟိုလူကြီး လက်မှတ်ရဖို့ လုပ်ရ။ ဒီလူကြီး လက်မှတ်ရဖို့ လုပ်ရနဲ့။ ရတဲ့သူတွေကျ ငွေ
မသွင်းဘဲနဲ့ သိန်း ၄၀လောက်နဲ့ ပြန်ရောင်းစားနိုင်ခဲ့တယ် မဟုတ်လား။
မြန်မာပြည်ဆင်းရဲတယ်၊ ချို့တဲ့တယ် ဆိုပြီး နိုင်ငံတကာကတောင် တင်နေတဲ့ ကြွေးမြီတွေကိုလျှော်
ပစ်နေတာ၊ ဖုန်းတစ်လုံးကို ဒီလိုသိန်း ၄၀ ပေးဝယ်သူတွေရှိခဲ့တယ်ဆိုတော့လည်း ဆင်းရဲတဲ့ မြန်မာ
ပြည်သူတွေရှိတယ်ဆိုတာ ယုံကြပါ့မလားနော်။
ဒါကြောင့်များ တန်ဖိုးနည်းဆိုပြီး ရောင်းတဲ့ဖုန်းတွေက တန်ဖိုးသိန်းချီနေတာလားမသိ။ သိန်းဆယ်
ဂဏန်းမဟုတ် တော့လည်း ၀ယ်လိုက်ကြတာ ၀က်ဝက် ကိုကွဲနေတာပဲ။
စီးပွားရေးသမားတွေကလည်း တယ်လီဖုန်းအပို ပစ္စည်းဆိုင်တွေ ဖွင့်လာလိုက်ကြတာ အလုပ်တွေ
လဲ ဖြစ်မှဖြစ်။ ဪအခုလဲ ကြည့်ပါလား။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက မျှော်လင့်နေ ကြ ပြော
နေကြတဲ့ 'တန်ဖိုးနည်းသထက်နည်း' တယ်လီဖုန်းတွေ ချပေးမယ်ဆိုပြီး အသံတွေလဲ ထွက်လာ
ရော အရင်ကချပေးထားတဲ့ 'တန်ဖိုးနည်း' တယ်လီဖုန်း တွေကို ကျေးရွာတွေအထိ အရစ်ကျစနစ်နဲ့
ရောင်းပေးပြန်ရော။
ကျေးလက်နေ ပြည်သူတွေအထိ ဆက်သွယ်ရေး ကောင်းစေချင်လို့များလား တွေးမိပေမယ့် မယုံ
မရဲမို့ သတ်မှတ်လုံးရေ မပြည့် သေးလို့ထင်ပါရဲ့လို့လည်း တစ်ဘက်က လှည့်ပြီး တွေးမိပါရဲ့။
ဖုန်းအရောင်းဆိုင်တွေကလည်း 'တန် ဖိုးနည်းသထက်နည်း' ဖုန်းတွေ ထွက်လာမှဖြင့် လက်ကျန်
ဖုန်းတွေအတွက် အရှုံးများမှာစိုးလို့ ဈေးနှုန်းတွေချပြီးရောင်း နေကြလေရဲ့။ ဒီလိုဒီလို တွေလှုပ်ရှားနေ
ကြပေမယ့် 'တန်ဖိုး နည်းသထက်နည်း'က 'ဝေးသထက်ဝေး'ပြီး မျှော်မိသူတွေ သာကိုယ့်ဘာသာ
အပြစ်တင်ရတော့မယ်ကိန်းများ ဆိုက်လေမလားမသိ။
နောက်တစ်ခါ လာပြန်ပြီဟေ့လို့ကို ဆိုရပေဦးမယ်။ 'တန်ဖိုးနည်း အိမ်ရာ' တဲ့။ ဘယ်လောက်များ
တန်ဖိုးနည်းမှာလဲ။ ဘယ်လိုစနစ်နဲ့ ပေးမှာလဲ။ ဘယ်သူတွေ ကိုပေးမှာလဲ။
တယ်လီဖုန်းတုန်းကတော့ ၀ယ်ချင်တဲ့သူဝယ်လို့ရပေမဲ့ အခု အိမ်ရာ ကတော့ တကယ်နေစရာ မရှိ
တဲ့သူတိုင်း ၀ယ်လို့ရမဲ့ပုံမပေါ်ပါဘူး။
အိမ်ရာတွေ က လုံလုံလောက်လောက် မှ မဟုတ်တာ၊ ပေးလည်း ဟိုလူကြီးရဲ့ သားသမီးတွေ
ဒီလူကြီးရဲ့ သားသမီးတွေပဲ ရမှာပါဆိုတဲ့ အသံလေးတွေကလည်း (ခံရနေကျ)လူ တွေကြားမှာ
ခပ်လှိုင်လှိုင်ပေါ့။
တန်ဖိုးနည်းအိမ်ရာက မန္တလေးမှာ မလာသေးဘူး၊ ရန်ကုန်မှာတော့ တန်ဖိုးနည်းအိမ်ရာတစ်လုံး
သိန်းနှစ်ရာဆို တော့ 'သိန်းနှစ်ရာက တန်ဖိုးနည်းဆို ပဲဟဲ့' ဆိုတဲ့ အသံလေးတွေက နေစရာခက်သူ
တွေကြားမှာ ညံစီစီ။
ဒီမှာဘာဆက်ဖြစ်မယ်မသိသေးပေမယ့် မန်းစည်ပင်မှာ တရားဝင်လိုင်စင်လုပ်ထားတဲ့ ဆောက်လုပ်
ရေး ကုမ္ပဏီတွေကတော့ ပုံစံမျိုးစုံ၊ ဒီဇိုင်းအဖုံဖုံ အိမ်ရာတွေကို လာတင်နေကြပြီဆိုပဲ။ မှတ်မှတ်ရရ
နိုင်ငံပိုင်သတင်းစာ ကာလာစာမျက်နှာမှာပဲ။ 'တန်ဖိုးနည်း' ဆိုလို့ စိတ်ဝင်စားသွားပြီး သေချာဖတ်
ကြည့်လိုက်တော့ လားလား၊ 'တန်ဖိုးနည်း အာဟာရပြည့် ဟင်းချက်ပြိုင်ပွဲ'တဲ့ တန်ဖိုးတွေနည်းနေ
လိုက်ကြပုံကို ပြောပါတယ်၊ ကြာလာတော့ တကယ်ရော နည်းရဲ့လားလို့ မေးလိုက်ချင်တယ်။
အဲ ဒါပေမယ့် 'တန်ဖိုးနည်း ဟင်းချက် ပြိုင်ပွဲ'နဲ့ ပတ်သက်ပြီး ကန်စွန်းရွက် အစည်းကြီးလက်မှာ
ပိုက်ပြီး ဈေးကပြန်လာတဲ့ ရပ်ကွက်ထဲက ဒေါ်ကြွားစိန်က တော့ "တန်ဖိုး နည်းဟင်းချက်ပြိုင်ပွဲတဲ့
လား။ ဒါမျိုးဆိုရင်တော့ ဒေါ်ကြီးတို့ အတွက် အထွေအထူးဟုတ်မနေတော့ဘူး။ ဒေါ်ကြီးတို့ဖြင့်
နေ့စဉ်နဲ့အမျှ တန်ဖိုးနည်း သထက်နည်းတဲ့ အာဟာရပြည့် ဒီကန်စွန်းရွက်ရေလုံပြုတ်ကို စားနေတာ
သာကြည့်တော့"လို့ ရင်ဖွင့်ပြတော့ ကျွန်တော်လည်း ပါးစပ်ဟောင်းလောင်းလေးနဲ့ ကျန်ခဲ့ရတာပေါ့။
တစ်ခါတစ်ခါ စဉ်းစားမိတယ်။ ကိုရီးယားကားထဲကလို ဧရာဝတီမြစ်ဆိပ် လူသူမရှိတဲ့နေရာသွားပြီး
'တန်ဖိုးနည်း ရေ တန်ဖိုးနည်းရေ မင်းကြောင့် အပျင်း ပြေပါတယ်။ ကျေးဇူးပဲ' လို့တောင် အော်ချင်
စိတ်ပေါက်နေပြီဗျို့။
ကျန်သေးတယ်၊ မြို့တောင်ဖျားစွန်းမှာလဲ 'တန်ဖိုးနည်း'တယ်ဆိုပြီး ၀ယ်ထားခဲ့ကြတဲ့ မြေရာတွေက
အငြင်းပွား၊ ပြဿနာတွေ ထတက်ပြီး မရှင်းလင်း နိုင်ခဲ့တာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်း ကနေ
အခုချိန်ထိပါပဲ။ ပြောရရင် ဆုံးပဲဆုံးပါတော့မလား မသိ။
သေချာတာကတော့ 'တန်ဖိုးနည်း' ဆိုတဲ့ ကိစ္စရပ်တိုင်းရဲ့ နောက်ကွယ်မှာ တကယ်လိုအပ်သူတွေ
အကြား မျှော်လင့်ရင်မောရမှုတွေ၊ ပဋိပက္ခတွေက နောက်ဆက်တွဲအဖြစ် အရိပ်တစ်ခုလို လိုက်ပါ
နေတာကတော့ မျက်မြင်ကိုယ်တွေ့ပါ။
ဪ 'တန်ဖိုးနည်း တန်ဖိုးနည်း' မြန်မာပြည်ရဲ့ လာလတ္တံသော အနာဂတ်မှာ ဘာတွေကိုများထပ်
ပြီး 'တန်ဖိုးနည်း' ကြဦးမလဲမသိဘူးနော်။
အဲဒီ 'တန်ဖိုး နည်း'တွေကရော အမှန်တကယ် လိုအပ်နေတဲ့ ပြည်သူတွေဆီကို အဟုတ်ကြီး
တကယ်ကြီးရောက်လာနိုင်ပါစေလို့ ဆုတောင်းရင်း ...။
















