မန္တလေးမြို့ မြို့တည်နန်းတည် သတ္တဌာန ခုနစ်ဌာနတွင် ပါ၀င်သော သုဓမ္မာ ဇရပ်တော်ကြီး၊
မဟာပဌာန်း သိမ်တော်ကြီးနှင့် ပိဋကတ်တော်ကြီး စသည့်သုံး နေရာအား ရှေးမူမပျက် ပြန်လည်
တည်ဆောက်မည်ဖြစ်သည် ဟု သိရသည်။
အဆိုပါနေရာများ ပြန်လည်ပြုပြင်ရာတွင် သီတဂူဆရာတော်ကြီးမှူး၍ ရှေးမူမပျက်ပြုပြင်ရေးအတွက်
တမ္မဝတီဦးဝင်းမောင်က ပါ၀င်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကုန်ကျစရိတ်ကို အလှူရှင်တစ်ဦးတည်း
က တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
သတ္တဌာနခုနစ်ဌာနတွင် ပါ၀င်သော နေရာများအား ရှေးမူမပျက်ပြန်လည် ပြုပြင်ရာတွင် ခန့်မှန်းခြေ
ကျပ်သိန်း ပေါင်း ၁၅,၀၀၀ ခန့်ကုန်ကျ မည်ဖြစ်ပြီး၊ တစ်နှစ်ခွဲကာလအတွင်း အပြီးပြုပြင်သွားမည်ဟု
တမ္မဝတီ ဦးဝင်းမောင်ထံမှ သိရသည်။
"သမိုင်းမှာ အကြီးကျယ်ဆုံး ဆောင်ရွက်တာပါပဲ။ ဒီလုပ်ငန်းကြီးတွေက အစဉ်သဖြင့် အသေးစိတ်
လုပ်ရမယ်ဆိုရင် ဆောက်လုပ်တဲ့ ကော်မတီ၊ အင်ဂျင်နီယာတွေနဲ့ စနစ်တကျဆောင်ရွက်ရလိမ့်
မယ်"ဟု သီတဂူဆရာတော်က မိန့်ကြားသည်။
"ဗိသုကာပညာရှင်တွေ၊ သုတေသီ တွေကလည်း သမိုင်းအထောက်အထား၊ ယဉ်ကျေးမှု
အထောက်အထားတွေ၊ ဓာတ်ပုံမှတ်တမ်းတွေနဲ့အညီ စနစ်တကျ ပြုပြင်ဆောင်ရွက်မယ်လို့ သိရတဲ့
အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့အလွန်ပင်ဝမ်းမြောက်ရပါတယ်။ မန္တလေး
ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းကာကွယ်ဖို့ ဦးစားပေးချင်တဲ့အတွက် မြို့တော်စည်ပင်
သာယာရေး ကော်မတီကို တာဝန်ပေးအပ်ထား ပြီးဖြစ်ပါတယ်"ဟု သတ္တဌာန သုံးနေရာအား ပြန်
လည်တည်ဆောက်ခြင်း အကြိုညှိနှိုင်း အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်
ဦးရဲမြင့်က ပြောသည်။
တစ်ဦးတည်းအလှူရှင် မန်းမြေရာဇာ ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်းက ၎င်းငယ်စဉ်က ဆင်းရဲနွမ်းပါးခဲ့
ကြောင်း၊ သို့သော် ဘိုးဘွားမိဘများသည် ချစ်ခင် ကြင်နာခဲ့ ကြကြောင်း၊ ဘိုးဘွားမိဘများကို
ကောင်းမှု ပြုလုပ်ပေးချင်သဖြင့် ထိုသို့ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ရှေးဘုရင်မင်းမြတ် တည်
ထားဆောင်ရွက်ခဲ့သည့် သမိုင်းဝင်ဌာနများကို ပြန်လည်ဆောင်ရွက်ခွင့် ရရှိသည့်အတွက် ကျေးဇူး
တင်ရှိကြောင်း ပြောသည်။
မင်းတုန်းမင်းကြီး မြို့တည်နန်းတည် ဆောက်လုပ်ခဲ့သည့် သတ္တဌာနခုနစ် ဌာနတွင်ရွှေမြို့ရိုးတော်
(နန်းမြို့ရိုး)၊ ကျံုး တော်၊ ကုသိုလ်တော် စေတီတော်၊ အတုမရှိ ကျောင်းတော်၊ ပိဋကတ်တိုက်တော်၊
သုဓမ္မာဇရပ်တော်၊ ပဋ္ဌာန်းဟော ရွှေသိမ်တော်တို့ဖြစ်သည်။
ကျုံးတော်နှင့် ကုသိုလ် တော်မှလွဲ၍ ကျန်ဌာနများမှာစစ်အတွင်း ပျက်စီးခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင်ရွှေမြို့ရိုးတော်နှင့် အတုမရှိ ကျောင်းတော်တို့ ပြန်လည် ပြုပြင် နိုင်ခဲ့ပြီး၊ ပိဋကတ်တိုက်
တော်၊ သုဓမ္မာ ဇရပ်တော်နှင့် ပဋ္ဌာန်းဟော ရွှေသိမ်တော် တို့သာ ပြပြင်ရန်ကျန်ရှိခဲ့သည်။
















