တရုတ်ပြည် ယူနန်ပြည်နယ်ရှိ The First People's Hospital မှ မျက်စိ အထူးကုဆရာဝန်ကြီးများ
နှင့် သူနာပြုများသည် မန္တလေးမျက်စိ၊ နား၊ နှာခေါင်း ဆေးရုံကြီးသို့လာရောက်၍ လေးရက်တာ
အခမဲ့ဆေးဝါးကုသပေးခဲ့ကြောင်း သိရသည်။
ဆေးဝါးလာရောက်ကုသပေးခြင်း သည် အိမ်နီးချင်းနှစ်နိုင်ငံ ပိုမိုချစ်ကြည်ရေးအတွက် ဆောင်ရွက်ရ
ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် နှင့် လူမှုရေးရာဝန်ကြီးတို့ကလည်း လိုအပ်သည်
များ ပ့ံပိုးကူညီပေးခဲ့ကြောင်း တရုတ်ကောင်စစ်ဝန်ချုပ်က ဆိုသည်။
"အခုလိုလုပ်တာက နှစ်နိုင်ငံပိုမို ချစ်ကြည်ရင်းနှီးဖို့အတွက် လုပ်ရတာပါ။ လူနာ နှစ်ရာကျော်ကို
ကုသပေးခဲ့ပါတယ်။ မျက်စိအတွင်းတိမ် ဖြစ်နေတာတွေကို အဓိကထားပြီး ကုပေးခဲ့ပါတယ်"ဟု
မန္တလေးမှ တရုတ်ကောင်စစ်ဝန်ချုပ် ဦးဘရင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
မန္တလေး မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီးတွင် တရုတ်ပြည် ယူနန်ပြည်နယ်
ရှိ ဆေးရုံမှ အထူးကုဆရာဝန် ခြောက်ဦးနှင့် အဖွဲ့သည် အခမဲ့ မျက်စိခွဲစိတ်ကုသ ပေးခြင်းကို
ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ လေးရက်တာ ဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်
သည်။
"အဘက်ဘက်ကနေ ပ့ံပိုးကူညီနိုင်ခဲ့ကြလို့ အခုလိုကုသပေးနိုင်တာပါ။ တရုတ်ဘက်ကလည်း
ဆေးကုပေးချင်တယ်။
"ဒီဘက်ကလည်း လက်ခံပြီး ဆောင်ရွက်ပေးနိုင်တဲ့အတွက် အောင် မြင်ခဲ့တာပါ။ ဆေးကုသမှု
အပိုင်းမှာတော့ အခက်အခဲမရှိပါဘူး။ အသက် ၅၀ အထက် သက်ကြီးတွေကို အများဆုံး ကုသပေး
ရပါတယ်"ဟု မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး
ဒေါက်တာ တင်တင်မိုးက ပြောသည်။
နေ့စဉ်သတင်းစာများနှင့် ရေဒီယိုအစီအစဉ်များမှ အခမဲ့ဆေးဝါးကုသပေးမည့် သတင်းကို ကြေညာ
ပေးခဲ့ကြသဖြင့် သိရှိရပြီး အခြားဒေသများမှလည်း လာရောက်ဆေးဝါးကုသမှု ခံယူခဲ့ကြ ကြောင်း
လူနာအများစုက ပြောကြားသည်။
"မျက်စိဖြစ်နေတာ ကြာနေပြီ။ မခွဲဖြစ်ဘူး။ အခုလိုလာပြီး အခမဲ့ခွဲစိတ်ကုသပေးမယ်ဆိုမှပဲ ခွဲစိတ်
ဖြစ်တယ်။ နှစ်ဖက် စလုံးခွဲခဲ့ရတယ်။
"အခုဆိုရင် မျက်စိမြင်သွားပြီဖြစ်တဲ့အတွက် လာရောက်ကုသပေးသူ တွေကိုလည်း ကျေးဇူးတင်ပါ
တယ်"ဟု သဲတော၊ ၀မ်းတွင်းနယ်ဘက်မှ အငြိမ်းစားကျောင်းဆရာဖြစ်သူ အသက် ၈၀ နှစ်အရွယ်ရှိ
ဦးတင်အေးက ပြောသည်။
















