၁၃၀၀ ပြည့် အရေးတော်ပုံကြီးတွင် ပါ၀င်ခဲ့ကြသည့် မန္တလေးမှ အာဇာနည် ၁၇ ဦး ကျဆုံးခြင်း ရ၄
နှစ်ပြည့် အထိမ်းအမှတ် ဂါရဝပြုအခမ်းအနားကို မတ် ၄ ရက်နေ့ က မန္တလေးမြို့၊ ချမ်းမြသာစည်
မြို့နယ်၊ တမ္ပဝတီရပ်၊ သူကြွယ်ကုန်းရပ်ကွက်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် သံယာတော် ၁၇ ပါးအား ဆွမ်းကပ်လှူဒါန်းခြင်း တရားနာရေစက်ချအမျှ
ဝေခြင်း၊ အာဇာနည်ကြီးများအား အလေးပြုခြင်း၊ ဆရာတော်ကြီးများက ဩဝါဒစကားမိန့်ကြားခြင်း၊
၁၃၀၀ ပြည့်အရေးတော်ပုံ ဖြစ်ပေါ်လာပုံအကြောင်း ဟောပြောခြင်းနှင့် သမိုင်းမှတ်တမ်းကို ပြခန်း
များဖွင့်လှစ် ပြသခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မန္တလေးမြို့တွင် ကျဆုံးသွားခဲ့သည့် အာဇာနည် ၁၇ ဦးအကြောင်း ယခုခေတ် လူငယ်များသိရှိနိုင်
စေရန်၊ လက်ရှိ ပိတ်ထားသော အာဇာနည်ဂူဗိမာန်ကြီး ကို ပြန်လည်ဖွင့်လှစ်ပြီး လေ့လာကြည့်ရှု
ခွင့်ပေးရန်၊ အာဇာနည်များကျဆုံးခဲ့ရာ ၂၆ ဘီလမ်းကို အာဇာနည်လမ်းအဖြစ် သတ်မှတ်ပေးရန်
ရည်ရွယ်ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မတ်လ ၄ ရက်နေ့တွင်ကျရောက်ခဲ့သည့် မန္တလေးအာဇာနည် ၁၇ ဦး ကျဆုံးခြင်းအထိမ်းအမှတ်နေ့
ကို စစ်အုပ်ချုပ်ရေးခေတ်တစ်ခေတ်လုံး ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ ယခု ရ၄ နှစ်ပြည့်မြောက်သည့်
အချိန်ကျမှ ပြန်လည်ကျင်းပနိုင်ခဲ့ ကြောင်း၊ ယင်းခေတ်မှာ အဆိုပါဗိမာန် စောင့်ရှောက်ရေးအဖွဲ့၏
တရားဝင် ရပ်တည်မှု မှေးမှိန်ခဲ့ရသကဲ့သို့၊ အာဇာနည်ဗိမာန်ရှိသည့် နေရာတွင်လည်း ခြံု နွယ်ပိတ်
ပေါင်း အထပ်ထပ်နှင့် ၀မ်းနည်းဖွယ်ရာ မြင်ကွင်းအဖြစ်ရှိခဲ့ကြောင်း၊ ထို့ကြောင့် ဗိမာန်ကို ပြည်သူ့
အစောင့်အရှောက်ခံ နေရာတစ်ခုအဖြစ် ပြန်လည် ရောက်ရှိနိုင်ရေးအတွက် မန္တလေးမြို့မိ၊ မြို့ဖများ၊
နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းများက အထူးအလေးထား ကြိုးပမ်းကြပါရန် ဗမာနိုင်ငံ
လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
သမိုင်းတန်ဖိုးကြီးမားခဲ့သော အာဇာနည် ဂူဗိမာန် ခမ်းနားတင့်တယ်ရေး၊ ပြည်သူလူထုလွတ်လပ်စွာ
ဂါရဝပြု ဦးညွတ်ဂုဏ်ပြုနိုင်ရေး၊ အာဇာနည်များ ၏အထ္ထုပ္ပတ္တိကို ပြည်သူလူထုသိရှိရေး၊ သမိုင်း
အမွေအနှစ်ကို လက်ဆင့် ကမ်းနိုင်ရေးတို့အတွက် ဂူဗိမာန်ထိန်းသိမ်း စောင့်ရှောက်ရေးကော်မတီ
အမြန်ဆုံးပေါ်ပေါက်နိုင်ရန် လိုအပ်ကြောင်း အထက်မြန်မာပြည် နိုင်ငံရေးအကျဉ်းသားများကွန်ရက်
ထံမှ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
















