မန္တလေးမြို့တွင်းရှိ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများသည် ပြည်ကြီး မင်္ဂလာကုန်တင်ယာဉ်ရပ်နား
စခန်းတွင် ငှားရမ်းရန်သဘောတူညီမှုရရှိပြီး မတ်လ ၁၅ ရက် နေ့အတွင်း ပြောင်းရွှေ့မည်ဖြစ်
ကြောင်း မန္တလေးတိုင်းဒေသကြီး အဝေးပြေးကုန်စည်ပို့ဆောင်ရေးနှင့် ၀န်ဆောင်မှုလုပ်ငန်းရှင်များ
အသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။
"မြို့ထဲမှာရှိတဲ့ဂိတ်အားလုံး ပြည်ကြီး မင်္ဂလာကုန်တင်ကားကြီးကွင်းကို မတ်လ ၁၅ ရက်နေ့
နောက်ဆုံးထားပြောင်းရွှေ့ဖို့အတွက် အသင်းဝင်အားလုံးကို ပြောထားပါတယ်။ စုစုပေါင်း ၂၀၆ ဦး
လောက်ပြောင်းရွှေ့ပါမယ်။ ဂိတ်အားလုံးအတွက် နေရာအလုံအလောက်မရှိတဲ့အတွက် ဂိုဒေါင်
သုံးလုံးမှာ ပေ ၂၀ နဲ့ ၂၅ ပေ ရှိတဲ့အခန်း ဖွဲ့ပေးပါတယ်။ ဂိုဒေါင်တစ်လုံးမှာ အခန်းပေါင်း ၂၀ ရှိပါ
တယ်"ဟု ၎င်းက ပြောသည်။
တန်ဖိုးနည်းအဆောက်အအုံများရှိ ကုန်တင်ဂိတ်တစ်ခန်းလျှင် တစ်လငှား ရမ်းခ ကျပ်တစ်သိန်းခွဲ
ဖြစ်ပြီး ဂိုဒေါင်များရှိအခန်းများမှာ တစ်လလျှင် ကျပ်ငါးသောင်းဖြင့် ငှားရမ်းခွင့်ရရှိကြောင်း၊ လိုအပ်
သည့်အခန်းများအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက သုံးလအတွင်း တည်
ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"ပြည်ကြီးမင်္ဂလာ ကားကွင်းမှာ တချို့လည်းရွှေ့နေပြီ။ လက်ရှိဂိတ်တွေမှာ ကုန်ပစ္စည်းတွေကျန်နေ
တော့ ရှင်းလင်းမှုတွေလုပ်နေရတယ်။ ဂိတ်တစ်ဂိတ်ကို ပစ္စည်းတွေ ရွှေ့ပြောင်းဖို့အတွက် အနည်း
ဆုံးတစ်ပတ်လောက်တော့ အချိန်ယူရပါမယ်"ဟု ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။
ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ်ရပ်နားစခန်းတွင် ၂၅ ပေ၊ ပေ ၆၀ ရှိ အာရ်စီနှစ်ထပ် ကွန်ကရစ်အခန်း
ပေါင်း ၁၅၀ ၊ တန်ဖိုးနည်းကုန်တင်ဂိတ်ခန်းပေါင်း ၁၃၉ ခန်း တည်ဆောက်ခဲ့သော်လည်း အဝေးပြေး
ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများက ၀ယ်ယူရန်ဈေးနှုန်း မြင့်မားသဖြင့် တစ်နှစ်ချင်းငှားရမ်းရန်
သဘောတူညီမှုဖြင့် ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက မြို့ထဲမှာရှိတဲ့ ဂိတ်အားလုံးကို ဖေဖော်ဝါရီလ
၁၅ ရက်နေ့ နောက်ဆုံးထားပြောင်းရွှေ့ဖို့ ညွှန်ကြားခဲ့ပေမယ့် ဈေးနှုန်းမြင့်မားလို့ ကျွန်တော်တို့အနေ
နဲ့ ရွှေ့ပြောင်းနိုင်ခြင်းမရှိခဲ့ပါဘူး။
"နောက်ပိုင်းမှာ မြို့တော်စည်ပင် အကြံပေးအဖွဲ့ကနေ ၀င်ရောက်ညှိနှိုင်းပေးတဲ့အတွက် တစ်နှစ်ချင်း
ငှားရမ်းခွင့် ပြုဖို့ သဘောတူညီမှုရခဲ့တယ်"ဟု အဝေး ပြေးကုန်စည်ပို့ဆောင်ရေးနှင့် ၀န်ဆောင်မှု
လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသွင်စိုးက ပြောသည်။
ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ် ရပ်နားစခန်းရှိ တန်ဖိုးနည်းကုန်တင် ဂိတ်တစ်ခန်းလျှင် ကျပ်သိန်း
ရ၀၀ ဖြင့် ရောင်းချသဖြင့် အမှန်တကယ်တန်ဖိုး နည်းခြင်းမဟုတ်ကြောင်း အဝေးပြေး ကုန်စည်ပို့
ဆောင်ရေးနှင့် ၀န်ဆောင်မှုလုပ်ငန်းရှင်များက ဝေဖန်ပြောကြားသည်။
"ရန်ကုန်က တန်ဖိုးနည်းစီမံကိန်း တစ်ခုမှာ ကျပ်သိန်းနှစ်ရာနဲ့ရောင်းတာကို ဆောက်လုပ်ရေး
လုပ်ငန်းရှင်တွေ နဲ့ ပြည်သူတွေကလက်မခံပါဘူး။ သိန်းနှစ်ရာက တန်ဖိုးနည်းမဟုတ်ပါဘူး ဆိုပြီး
ငြင်းတယ်။ ဒီလိုဖြစ်နေတဲ့အချိန်မှာ ကျပ် သိန်း ရ၀၀ ကို တန်ဖိုးနည်း လို့ပြောလို့ရမလား"ဟု
တွဲဖက်အတွင်းရေးမှူး(၁) ဦးအောင်ဇော်ညိုက ပြောသည်။















