သာသနာ့နယ်မြေ မုခ်ဦးလမ်းများ ပျောက်ဆုံးသည်ကို တိုင်ကြားသော်ငြား အကြောင်းမထူးဟုဆို

သာသနာ့နယ်မြေ မုခ်ဦးလမ်းများ ပျောက်ဆုံးသည်ကို တိုင်ကြားသော်ငြား အကြောင်းမထူးဟုဆို

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် အောင်ချမ်းသာကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားများပတ်
လည်ရှိ မြေနေရာများတွင် အကွက်ရိုက်ပြီး ၀င်းထရံ ခတ်ကာ အိမ်နေရာများပြုလုပ်နေသည့်
အကြောင်းအရာများကို မြို့နယ်အုပ်ချုပ်ရေးမှူးထံတင်ပြသော်လည်း ယခုအချိန်ထိ အကြောင်းမထူး
သေးကြောင်း ဘုရားသုံးဆူ ဂေါပကဥက္ကဋ္ဌ ဦးဆန်းထွန်းက ဆိုသည်။

ထိုသို့လယ်မြေများပေါ်တွင် မြေ နေရာသတ်မှတ်ကာ ရောင်းဝယ်ခြင်းများလည်း ပြုလုပ်နေကြောင်း
စုစုပေါင်း သုံးကြိမ်တိုင်ကြားထားသော်လည်း အကြောင်းမထူးကြောင်း၊ တိုင်းရုံးထိတက်ရန်စိတ်ကူး
ကြောင်း ၎င်းက ဆိုသည်။

"မြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း ပြောပြီးပြီ။ အဲလိုမြေနေရာယူတဲ့သူတွေနဲ့ သူလည်း တွေ့ဆုံ
ဆွေးနွေးပါတယ်။ သာသနာရေးရာဌာနကိုလည်း သွား ပြောထားတယ်။ အဲဒါလည်း မထူးဘူး။
ဘာမှကို အကြောင်းမထူးတာပါ။ အခုဟာက လူနေခြံဝင်းတွေက ဘုရားပရိ၀ုဏ်တံတိုင်းထိ ရောက်
လာတယ်။ ဘုရားစေတီ မုခ်ဦးလမ်းတွေ ပျောက်ရတယ်။ ဘယ်လောက်ဆိုးလဲဆိုရင် ဘုရားရှေ့မှာ
၀င်းခြံတွေဆောက်တယ်။ အိမ်သာဆောက်ထားတယ်" ဟု ၎င်းက ဆိုသည်။

ရှေးဦးစွာ အသက် ၈၀ အရွယ်ရှိ ဘုရားသုံးဆူဂေါပကနာယက ဦးကံထူးကလည်း "ဒီဘုရားတံတိုင်း
ကြီး အပြင်ဘက်မှာ ဘုရားပတ်လမ်း ရှိပါတယ်။ ဘုရားပတ်လမ်းက ပေ ၂၀ လောက် ကျယ်ပါ
တယ်။ ကျွန်တော် ၁၅ နှစ်သား လောက်က။ အဲဒီနောက်က လယ်မြေ တွေရှိပါတယ်။ အခုကျတော့
မုခ်ဦးအထွက်နဲ့ တံတိုင်းတွေမှာ ၀င်းခြံတွေ ပိတ်တဲ့နေရာက ပိတ်၊ တံတိုင်းထိ တိုးချဲ့ခတ်ထားတဲ့
အတွက် သာသနာ့နယ်မြေကို သတ်သတ်မှတ်မှတ် ဖော်ထုတ်ပေးစေချင်ပါတယ်"ဟု ဆိုသည်။

စေတီတော်အတွက် အုတ်ဖုတ်သည့် ကန်တချို့သည်လည်း အိမ်ဝင်းထဲထိ ရောက်ကုန်ကြောင်း
၎င်းက ဆိုသည်။

"ခြောက်လမ်းသွားလမ်းမကြီးလည်း ရှိလာတယ်။ ပြီးတော့ နည်းပညာတက္ကသိုလ်လည်းရှိလာ
တယ်။ ငါးနှစ် လောက်ရှိလာပြီ။ ဒီနေရာတွေက စည်လာတယ်။ အဲဒါတွေကြောင့် အဲလိုမျိုး ဖြစ်လာ
တာလို့ပဲထင်တယ်" ဟု ဂေါပကအဖွဲ့ဝင် ဦးရှိန်းက ဆိုသည်။

အဆိုပါ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာ အရှေ့တောင်ထောင့် တွင်ရှိသည့် လောက
တန်ဆောင်စေတီတော်ကြီး၏ မြောက်ဘက်မုခ်ဦးမှ အဝင်လမ်းမကြီးသည် မြို့ပတ်လမ်း ဖြစ်သော
ခြောက်လမ်းသွားလမ်းမကြီးနှင့် ပေ ၁၅၀ ခန့်ကွာဝေးသည်။

၎င်းလမ်းမ ကြီး ဘေးဘယ်ညာမြေပိုင်ရှင်မှာ ဦးဝင်းဘိုဖြစ်ပြီး ရွာလယ်ဓမ္မာရုံတွင် ရပ်ရွာလူကြီးများ
ကို ခေါ်ယူကာ လမ်းအကျယ် ၁၂ ပေထားရန် ၂၀၁၀ ပြည့်နှစ် က ခေါ်ယူပြောကြားရာ ၎င်းကိုယ်
တိုင် သဘောတူကြောင်း ပြောခဲ့သော်လည်း ယခုအခါတွင် ဘုရားလမ်းမကြီးမှာ ကတိ ပြုထား
သည့်အတိုင်း သတ်မှတ်အကျယ် ၁၂ ပေ မရှိသဖြင့် သတ်မှတ်အကျယ်ကို ပြန်လည်ယူလိုကြောင်း
ဂေါပကအဖွဲ့က ဆိုသည်။

ထို့ပြင် ယမန်နှစ် ဇန်နဝါရီလပိုင်းကမြို့နယ် ဦးစီးအရာရှိကိုယ်တိုင် ဘုရားသို့ လာရောက်၍ မုခ်ဦး
လမ်းများ ဖွင့်ပေးမည်ပြောသော်လည်း ယခုထက်ထိ အကြောင်းမထူးသေးကြောင်း သိရသည်။

ဘုရားရေကန်ကိုလည်း ပေတိုင်း ပေးခဲ့ကြောင်းသိရသည်။

ဦးဝင်းဘိုသည် အကျယ် ၉၅-၆၆ ပေရှိ ဘုရားရေကန်ကို ၎င်း၏မြေကွက် အတွင်းထည့်ကာ စည်းရိုး
အလုံခတ်ထား ကြောင်းလည်း သိရသည်။

"ဘုရားရေကန်ဖြစ်ကြောင်း ဦးဝင်းဘို ကိုယ်တိုင်မှတ်တမ်းစာအုပ်မှာ လက်မှတ်ထိုးပြီးသား။ တစ်ရွာ
လုံးလည်း ဘုရားကန်ဆိုတာအသိ။ အကုန်ခြံစည်းရိုးငုံပြီး ခတ်ထားတယ်။ နောက်ပြီးစေတီတော်
ကြီးရဲ့ ကပ်ရက် အရှေ့အနောက် ရ၅ ပေ၊ တောင်မြောက် ၃၂ ပေကို ယောက်ကော် ဆရာတော်က
ဦးဝင်းဘိုဆီက ၃,၀၀၀ နဲ့ ၀ယ်ထားဖူးတယ်။ အခုသူကိုယ်တိုင် လှူဒါန်းရောင်းချထားတဲ့မြေကွက်ကို
သူပိုင်တယ်ဆိုပြီး ခြံစည်းရိုးအလုံခတ်ပြီး အိမ်တွေဆောက်လုပ်ထားတယ်"ဟု ဘုရား ဂေါပကအဖွဲ့
ဥက္ကဋ္ဌက ဆိုသည်။

ထိုသို့ဘုရားတစ်ဝိုက် ခြံစည်းရိုးများ လတ်လတ်ဆတ်ဆတ် ခတ်ထားခြင်းသည် မကြာခင်က ဖြစ်
လာခြင်းဖြစ် ကြောင်း၊ လွှတ်တော်တွင် မြေယာကိစ္စနှင့် ပတ်သက်၍ အသံများကျယ်လောင်လာ
သည့်အတွက်ကြောင့် ထိုသို့ခတ်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

"မင်းတုန်းမင်း လက်ထက်ကတည်း က တည်ခဲ့တဲ့ဘုရားတွေပါ။ ဘိုးဘိုးလေး စေတီလည်း အရှေ့
အနောက်တောင် မြောက် ပေ ၅၀ ခွာပြီး ပြုပြင်ခွင့်ပေးပြီး လျှောက်ထားတယ်။ ဒီမတ်လဆန်းကပါ။
လောကတန်ဆောင်စေတီ မြောက်ဘက်ကနယ်တွေဟာလည်း အကျဉ်း ဦးစီးစီမံကိန်းနဲ့ သိမ်းတဲ့
နယ်မြေတွေ၊ အဲဒါလည်း ခြံစည်းရိုးခတ်ထားတယ်။ အခု ဘုရားသုံးဆူပတ်ပတ်လည်မှာ ခြံစည်းရိုး
ခတ်ထားတဲ့ဝိုင်းတွေချည်းပဲ" ဟု ဂေါပကအဖွဲ့ဥက္ကဋ္ဌက ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး