မန္တလေးမြို့တွင် မြေပိုင်ဆိုင်မှုအရှုပ်အရှင်းများကြောင့် ဂရန် လျှောက်၊ အမည်ပြောင်းကြရန် နှိုးဆော်လာရ

မန္တလေးမြို့တွင် မြေပိုင်ဆိုင်မှုအရှုပ်အရှင်းများကြောင့် ဂရန် လျှောက်၊ အမည်ပြောင်းကြရန် နှိုးဆော်လာရ

မန္တလေးမြို့တွင်း တချို့နေရာများ၌ မြေပိုင်ဆိုင်ခွင့်အငြင်းပွားခြင်းများ ပေါ်ပေါက်နေသောကြောင့်
ပိုင်ဆိုင်မှုခိုင်မာစေရေးအတွက် ပိုင်ရှင်များအား ဂရန် လျှောက်၊ အမည်ပြောင်းခြင်းများ လုပ်ဆောင်
ကြရန် နေ့စဉ်သတင်းစာမှနေ၍ မြို့တော်စည်ပင်သာယာက တိုက်တွန်း အသိပေးလာရသည်။

မန္တလေးမြို့ စည်ပင်သာယာနယ်နိ မိတ်အတွင်း၌၊ အထူးသဖြင့် လူနေနည်းပါးပြီး မြေလွတ်အများစု
ရှိသော မြို့နယ်တချို့တွင် ပြီးခဲ့သော ၂၀၁၂ ခုနှစ်မှ စတင်ခါ မြေပိုင်ဆိုင်ခွင့်အငြင်းပွားခြင်းများနှင့်
ကျူးကျော်ကိစ္စရပ်များမှာ ခပ်စိပ်စိပ်ဖြစ်ပွားနေပြီး ဖြေရှင်းရခက်သော ပြဿနာများအဖြစ် ရပ်တည်
နေချိန်တွင် စည်ပင်သာယာက မြေပိုင်ရှင်များအား မိမိတို့ပိုင်ဆိုင်သော မြေကွက်များကို တရားဝင်
စာချုပ် စာတမ်းဖြင့် လွှဲပြောင်း ပြီးသည့်ကာလမှ သုံးလအတွင်း ဂရန် လျှောက်ခြင်း၊ အမည်ပြောင်း
ခြင်း လုပ်ဆောင်ရန်အသိပေးလာခြင်းဖြစ်သည်။

မန္တလေးမြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့က ၁၉၉၁- ၉၂ ခုနှစ်မှစ၍ လူနေအိမ်မြေကွက်များ၊
စက်မှုလုပ်ငန်း မြေကွက်များကို လိုအပ်သူများအား မြေချပေးမိန့်များဖြင့် ချပေးခဲ့သော်လည်း အိမ်
ဆောက်ခြင်း၊ လုပ်ငန်းအသုံးပြုခြင်းမရှိဘဲ မြေချပေးမိန့်များကို ကိုယ်စားလှယ်လွှဲစာ (GP/SP)
အဆင့်ဆင့်ဖြင့် ရောင်းဝယ်နေခြင်းကြောင့် မြေကွက်လပ်များဖြစ်နေကြောင်း၊ ပိုင်ရှင်ပြောင်းသွား
သော်လည်း တရားဝင်မှတ်ပုံတင်စာချုပ်ဖြင့် ရောင်းဝယ်ခြင်းမဟုတ်၍ ပိုင်ဆိုင်မှု မခိုင်မာဘဲ ရောင်း
၀ယ်မှု အတွက် နိုင်ငံတော် အခွန်အခများလည်း ဆုံးရှုံးနေကြောင်း စည်ပင်သာယာက ထည့်သွင်း
ကြေညာသည်။

သို့ရာတွင် ရောင်းဝယ်ရာ၌ နေထိုင်ရန် မရည်ရွယ်ဘဲ ပြန်ရောင်းရန်ရည်ရွယ်သူများကမူ တရားဝင်
မှတ်ပုံတင်ခြင်း၊ ဂရန် လျှောက်ခြင်းများလုပ်ရန်အရေးမှာ စဉ်းစားရမည့်အခက်အခဲများ ရှိနေကြောင်း
နှင့် ကိုယ်စားလှယ်လွှဲစာဖြင့်သာ အလုပ်လုပ်လိုကြကြောင်း သိရသည်။

"ကိုယ်စားလှယ်လွှဲစာနဲ့ မဟုတ်ဘဲ တရားဝင်မှတ်ပုံတင်အရောင်းအဝယ်လုပ်ရင် အခွန်နှုန်းက
စဉ်းစားရတဲ့ အဟန့်အတားတစ်ခုဖြစ်နေပါတယ်။ ပြီးတော့ ဂရန်ပေါက်ပြီးသားကို အမည်ပြောင်းချင်
ရင်မြေကို ပိုင်ရှင်ဘယ်နှစ်ဆင့်ပဲ လက်ပြောင်းလက်လွှဲ ရောင်းထားပြီးပါ စေ၊ SP လွှဲထားတဲ့ မူလ
အစပိုင်ရှင်ကို ပြန်ရှာဖို့လိုပါတယ်။ ဒါတွေက မြေကိုဝယ် ရောင်းလုပ်ဖို့ပဲ ရည်ရွယ်သူတွေအတွက်
စဉ်းစားကြရတဲ့အချက်တွေပါ"ဟု ပြင်ဦးလွင်မြို့ ကောင်းဟိန်းဆက် အိမ်မြေအကျိုးဆောင်လုပ်ငန်း
မှ ဒေါ်ခင်သန်း က ယခုလ ၅ ရက်တွင် ပြောသည်။

နှစ်အတန်ကြာ လျှော့ချထားပေးခဲ့ သော အိမ်မြေရောင်းဝယ်ခွန်နှုန်းထား များကို ပြီးခဲ့သော ၂၀၁၂
ခုနှစ်၊ ဩဂုတ် လတွင် ပြန်လည်တိုးမြှင့်လိုက်ရာ ၀ယ်ယူသူက ရောင်းဝယ်နှုန်းအပေါ်မှ ၃၀ ရာခိုင်
နှုန်းအပြင် ၀င်ငွေရင်းမြစ်ကို မပြနိုင်ပါက ခုနစ်ရာခိုင်နှုန်းထပ်ဆောင်းကာ ပေးဆောင်ရမည်ဖြစ်
သည်။

"မန္တလေးမြို့မှာ မြေအရောင်းအဝယ်လုပ်ရင် တရုတ်လူမျိုးတွေကလွဲပြီး အများစုကခိုင်မာတဲ့ စာချုပ်
စာတမ်း မလုပ်ဖြစ်ကြတာများပါတယ်။ ဂရန်သစ်လုပ်တာ မခက်ပေမယ့် ဂရန်ရှိပြီးသား မြေကို ဂရန်
ပြောင်းချင်ရင် မူလပိုင်ရှင်အထိ ပြန်လိုက်ရတဲ့ အခက်အခဲလေး တွေလည်းရှိတယ်။ လက်ရှိမြေဈေး
ကွက်ကတော့ အရောင်းအဝယ် အေးပါတယ်"ဟု ထင်ပေါ်အိမ်မြေအကျိုးဆောင်လုပ်ငန်းမှ
ဦးခင်မောင်သောင်း က ပြောသည်။

ယခုအခါ မန္တလေးမြို့တွင်း တချို့ အိမ် မြေအကွက်အကွင်းများရှိ မြေကွက်ရှေ့ တွင် ဂရန်အမည်
ပေါက်ပြီး ဖြစ် ကြောင်း ကြေညာချက်များကို ပိုင်ဆိုင်မှု စာရွက်စာတမ်း အထောက်အထား မိတ္တူ
များဖြင့် ကပ်၍အသိပေးလာကြသည်အထိ မြေအရှုပ်အရှင်းကိစ္စများ ကို အာရုံထားလာကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး