မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖြစ်သော အရေးပေါ် နှလုံးသွေးကြောချဲ့ကုသမှုကို မန္တလေးပြည်သူ့
ဆေးရုံကြီးတွင် ဖေဖော်ဝါရီလ ၂၈ ရက်မှ စတင်ခဲ့ရာ အောင်မြင်မှုရရှိခဲ့ကြောင်း ဆေးကုသမှုတွင်
ပါ၀င်ခဲ့ကြသော နှလုံးရောဂါကု သမားတော်ကြီးများက ပြောသည်။
"နှလုံးသွေးကြောပိတ်တာကို အရေးပေါ်အနေနဲ့ ကုသလိုက်မယ်ဆိုရင် အကျိုးဆက်က နှလုံးကြွက်
သားတွေက ပုံမှန်အတိုင်း ပြန်ပြီးအလုပ်လုပ်နိုင်လာမယ်။ နောက်ပိုင်းမှကုသမယ်ဆိုရင် တော့ ပုံမှန်
ပြန်ဖြစ်ဖို့မလွယ်ပါဘူး။ အရင်ကတော့ သောက်ဆေး၊ ထိုးဆေးနဲ့ပဲ ကုသခဲ့ရတယ်။ အခုဆိုရင်
ပြည်သူ့ ဆေးရုံကြီးမှာ အရေးပေါ်နှလုံးသွေး ကြောပိတ်တာတွေကို သွေးကြောချဲ့ပြီး ကုသနိုင်ပါပြီ"
ဟု မန္တလေးပြည်သူ့ ဆေးရုံကြီး၊ နှလုံးရောဂါအထူးကုဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာ သန်းသန်း
ကြိုင်က ပြောသည်။
ယခင်က နှလုံးသွေးကြောပိတ်ရောဂါ ကို သွေးခဲပျော်ဆေးသွင်း၍ ကုသခဲ့ရာတွင် အများဆုံး ၆၀
ရာခိုင် နှုန်းထိသာ သွေးကြော ပြန်ပွင့်တတ်သော်လည်း ယခုအခါတွင် အရေးပေါ်သွေးကြောချဲ့
ကုသခြင်းဖြင့် မိနစ် ၃၀ ခန့်အတွင်း သွေး ကြောပြန်ပွင့်ရန် ၉၀ ရာခိုင်နှုန်း သေချာ နေပြီဖြစ်သည်ဟု
နှလုံးရောဂါအထူးကုဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာ ကျော်စိုးဝင်းက ပြောသည်။
"ကုန်ကျစရိတ်ကတော့ နိုင်ငံတော်ကို စက်ဖိုးအနေနဲ့ ကျပ်ငွေ နှစ်သိန်း သွင်းရမှာပါ။ တခြားလိုအပ်
တဲ့ ဆေးဝါးပစ္စည်း တွေကိုတော့ လက်ရှိမှာ ဩစတြေးလျက အဖွဲ့တွေက လာလှူသွားတာလည်း
မကြာသေးတော့ တချို့ပစ္စည်းတွေ ရှိနေတဲ့အတွက် ကုန်ကျစရိတ်ကတော့ အထူး သက်သာမှာပါ။
ပုံမှန်ဆိုရင်တော့ ပျမ်းမျှ သိန်း ၂၀ လောက်တော့ကုန်ကျမှာပါ။နိုင်ငံခြားကိုသွားပြီး ကုသမယ်ဆိုရင်
တော့ အနည်းဆုံး သိန်း ၁၀၀ လောက်ထိ ကုန်ကျနိုင်တယ်"ဟု ဒေါက်တာ ကျော်စိုးဝင်းက ပြော
သည်။
မြန်မာနိုင်ငံရဲ့ မိတ်ဖက်နိုင်ငံ ဖြစ်သော အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံမှ နှလုံးသွေး ကြောချဲ့ ကုသနိုင်ခြင်း
အတွက် လိုအပ်သည့် ဆေးဝါးနှင့် ပစ္စည်းများကို နှစ်နှစ် ထောက်ပံ့ပေးမည့် အစီအစဉ်များရှိသည်
ဟုလည်း သိရသည်။
"ဘယ်နိုင်ငံလဲဆိုတာကိုတော့ ပြောလို့ မရသေးပါဘူး။ မိတ်ဖက်နိုင်ငံတစ်ခု ပါပဲ။ ဒီကဆရာဝန်တွေ
နဲ့ သူနာပြုတွေကိုလည်း နှလုံးရောဂါနဲ့ ပတ်သက်တာ တွေကို ပညာသင်အနေနဲ့ လွှတ်နိုင်အောင်
လည်း ကြိုးစားသွားမှာပါ။ အခု လက်ရှိကုသနေတဲ့ စက်ထက်ကောင်း မွန်တဲ့ စက်အသစ်ကြီး
တစ်လုံးကို ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆက်ပြီး တပ်ဆင်ပေးဖို့အတွက်ကိုလည်း စီစဉ် ဆောင်
ရွက်နေပါတယ်"ဟု မန္တလေး ပြည်သူ့ဆေးရုံအုပ်ကြီး၊ ဒေါက်တာ မောင်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံးအကြိမ် အရေးပေါ်နှလုံးသွေးကြောချဲ့ ကုသမှုအဖြစ် မန္တလေးဆေးရုံကြီး
တွင် ရွှေဘို မြို့မှ လာရောက်၍ ကုသမှု ခံယူခဲ့သော ဦးစိန်ဝင်းက "နှလုံးသွေးကြောပိတ်လို့ အရေး
ပေါ်အနေနဲ့ မန္တလေးကိုလာရတာ။ ခံစားရတာ ကတော့ အော်နေရတယ်။ အခုလို ကုသဖို့အတွက်
မိသားစုနဲ့ အချိန်အတိုင်းအတာ တစ်ခုထိတော့ တိုင်ပင်ခဲ့ရတယ်။ ကုသတာကလည်း မိနစ်
သုံးဆယ်လောက်ပဲ ကြာတယ်။ ကုသပြီးတော့ နေထိုင်ရတာ အရင်ထက် ပိုပြီးတော့ သက်သောင့်
သက်သာ ရှိတယ်"ဟု ပြောသည်။
၎င်းနှလုံးကုသစက်ကြီးသည် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ၂၀၀၀ ပြည့်နှစ်မှ စတင်ရောက်ရှိခဲ့ခြင်း
ဖြစ်ပြီး၊ နည်းပညာအခက်အခဲကြောင့် ယခင်က ဆေးထိုး ဆေးသွင်းခြင်းဖြင့်သာကုသနိုင်ခဲ့သည်။
မတ်လ ၁ ရက်နေ့က မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ် နှလုံး သွေးကြောပိတ်လူနာ
တစ်ဦးကို ထပ်မံ ကုသပေးခဲ့ရာ အောင်မြင်မှုရှိခဲ့သည်ဟု သိရသည်။
















