မြန်မာ-အိန္ဒိယ နှစ်နိုင်ငံံ ကုန်သွယ်ရေး၊ ရင်နှီးမြှုပ်နှံရေးနှင့် စီးပွားရေးဆိုင်ရာ ရောင်းသူ၊ ၀ယ်သူ
လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၂ ရက် နေ့က မန္တလေးမြို့၊ ရွှေပြည်သာ
ဟိုတယ် ၌ ကျင်းပပြုလုပ်ခဲ့သည်။
"မြန်မာနိုင်ငံဟာ ပွင့်လင်းမှုရှိလာပြီ ဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းနဲ့ ဆောက်
လုပ်ရေးလုပ်ငန်း တွေမှာ အဘက်ဘက်ကပူးပေါင်းဆောင်ရွက်မှုတွေရှိလာပါတယ်။ အိန္ဒိယနိုင်ငံရဲ့
ရင်းနှီးမြှုပ်နှံမှုတွေလည်း ရှိပါတယ်။ ဒီလိုရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့နေရာမှာ အိန္ဒိယနိုင်ငံအနေနဲ့
ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးကို ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်"ဟု မန္တလေးမြို့ရှိ အိန္ဒိယ နိုင်ငံ
ကောင်စစ်ဝန်ချုပ်ဒေါက်တာ မဒမ်းမိုဟန်ဆေသီက အဆိုပါအခမ်းအနားတွင် ပြောကြားသည်။
မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ဆွေးနွေးလိုသော အကြောင်းအရာများကို
အိန္ဒိယနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆွေးနွေးတိုင်ပင်ပြီး ပူးပေါင်းဆောင်ရွက်သွားစေလို
ကြောင်း၊ အိန္ဒိယနိုင်ငံကလည်း မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် ကျေးလက်နေ ပြည်သူတို့၏
လူနေမှု ဘဝတိုးတက်မြင့်မားလာစေရေး တို့ကို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည် ဟုလည်း
၎င်းက ပြောကြားသည်။
"မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံဟာ ယဉ်ကျေးမှု၊ ဘာသာစကား အရမ်းရင်း နှီးဆက်နွှယ်ပါတယ်။
နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိပါတယ်။ လက်ရှိနိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု
ဖြစ်တဲ့အတွက် စီးပွားရေး၊ လူမှုရေး တွေမှာ အားနည်ချက်တွေရှိပါတယ်။ အားလုံးကိုလည်းကြိုးစား
ပြီး ဆောင်ရွက်သွားမှာပါ"ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး
ဒေါက်တာမြင့်ကြူက ပြောသည်။
တခြား ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများ၊ တိုးတက်ဆဲ နိုင်ငံများနှင့်ပူးပေါင်း၍နိုင်ငံ ၏ တိုးတက်မှုများကို
လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာသုံးဘာသာစကားဖြစ်သော အင်္ဂလိပ်ဘာသာ
ကို ယုံကြည်ချက်ရှိရှိ ပြောဆိုပြီး ရောင်းသူ၊ ၀ယ်သူများ အဆင်ပြေစေလို ကြောင်းလည်း ၎င်းက
ပြောသည်။
မြန်မာနိုင်ငံရှိ စစ်ကိုင်းတိုင်းဒေသကြီးသည် အိန္ဒိယနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုများရှိပြီး၊ နှစ်နိုင်ငံ
အကျိုးတူ ပူးပေါင်းမှုသည် ၄၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာသည်ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ
အဖွဲ့သစ်တောနှင့် သတ္တုဝန်ကြီးဌာန၊ ၀န်ကြီး ဦးသန်းထိုက်က ပြောသည်။
"မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံကနေ လောင်စာတွေ၊ စက်သုံးဆီတွေကို ၀ယ်ယူပါတယ်။ စစ်ကိုင်း၊
ရွှေဘိုနဲ့ ကလေး ဒေသထွက်ကုန်တွေဖြစ်တဲ့ ကောက်ပဲ သီးနှံတွေကိုလည်း အိန္ဒိယနိုင်ငံကို ရောင်း
ချပေးသွားမှာဖြစ်ပါတယ်"ဟု ဦးသန်းထိုက်က ပြောသည်။
အဆိုပါပွဲတွင် ဘဏ္ဍာရေးဆိုင်ရာနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အဖွဲ့ဝင် ၁၆ ဦး၊ မန္တလေးတိုင်း
ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်
များနှင့် တခြားစီးပွားရေးလုပ်ငန်းရှင်များဆွေးနွေးခဲ့ကြသည်။















