၀က်နားရွက်ပြာရောဂါသည် ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလများတွင် အဖြစ်များသောကြောင့် ကြိုတင်
ဂရုပြုရန် လိုအပ်သည်ဟု မွေးမြူရေးနှင့်ရေလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ပြောသည်။
၀က်နားရွက်ပြာရောဂါကို ကြိုတင်ကာကွယ် တားဆီးထားနိုင်ရေးအတွက် ၀က်မွေးမြူရေး စနစ်
တကျရှိရန်နှင့် ၀က်ခြံများကို သန့်ရှင်းစွာထားရန် လိုအပ်သည်ဟု ခရိုင်ဦးစီးမှူး ဒေါက်တာ
အောင်ကြည်ဦးက ပြောသည်။
"ဒီလိုအချိန်တွေမှာ အဖြစ်များတယ်။ များသောအားဖြင့် မိုးရာသီနဲ့ နေပူတဲ့ရာသီတွေမှာ အဖြစ်များ
တယ်။ ဒီလိုရာသီတွေမှာ သတိထားရမယ့်အချိန် တွေဖြစ်တယ်။ ဖြစ်တာကတော့ နှစ်ပတ်လည်ဖြစ်
တတ်ပါတယ်။ မြန်မာ နိုင်ငံမှာတော့ ဒီလိုရာသီဥတုတွေမှာ အဖြစ်အများဆုံးပဲ။ ဒီဗိုင်းရပ်စ်ပိုးတွေက
ပိုဆိုးတယ်။ လေနဲ့အတူပါလာတဲ့အတွက် ကူးနိုင်တာသေချာတယ်"ဟု ၎င်းကပြောသည်။
၀က်နားရွက်ပြာရောဂါပိုးသည် အဏု ဇီဝရောဂါပိုးမွှားဖြစ်၍ ၀က်ကိုအင်အား လျော့နည်းစေပြီး ခုခံ
အားကျဆင်းသွား စေကာ အခြားရောဂါပိုးများ ၀င်ရောက်လာတတ်သောကြောင့် ရောဂါဒဏ်ပိုမို
ဆိုးရွားစွာခံစားရတတ်ကြောင်း တိုင်းဒေသကြီး မွေးမြူရေးနှင့်ရေလုပ်ငန်း ဦးစီးဌာနမှ ဒေါက်တာ
ဇော်လွန်းအောင် က ပြောသည်။
"၀က်နားရွက်ပြာရောဂါက ဗက်တီးရီးယားရောဂါတွေ အကုန်ဝင်နိုင်တယ်။ ခံနိုင်ရည်လည်းကျသွား
တယ်။ ခံနိုင်ရည်ကျသွားတဲ့အချိန်မှာ တခြားရောဂါတွေ ၀င်နိုင်တယ်"ဟု ၎င်းကပြောသည်။
၀က်နားရွက်ပြာရောဂါသည် ကာကွယ်၍ မရသကဲ့သို့ ကုသ၍လည်းမရနိုင်ကြောင်း၊ ထိုရောဂါရရှိပါ
က သေဆုံးရန် ရာခိုင်နှုန်းပြည့်ဖြစ်ကြောင်း၊ ရောဂါပိုးဖြစ်စဉ်သည် မြန်ဆန်၍ ဆေးထိုးရန်ခက်ခဲ
ကြောင်း ဒေါက်တာ ဇော်လွန်းအောင်က ပြောသည်။
"ရောဂါပိုးဖြစ်စဉ်က မြန်တဲ့အတွက် ကာကွယ်ဆေးထိုးရတာခက်တယ်။ ရန်ကုန်မှာထိုးတဲ့ဆေးက
မန္တလေးမှာထိုး ပေးလို့ ရချင်မှရတာ။ တခြားနိုင်ငံက ကာကွယ်ဆေးလည်း ထိုးလို့မရဘူး။
မြန်မာနိုင်ငံမှာလည်း ကာကွယ်ဆေး မထုတ်နိုင်သေးဘူး။ ကာကွယ်ဆေးထိုး လို့ တခြားရောဂါတွေ
ဖြစ်သွားရင် ပိုခက် မှာစိုးလို့ ကာကွယ်ဆေးထိုးတာကို တားဆီးထားတယ်"ဟု ၎င်းက ပြောသည်။
၀က်နားရွက်ပြာရောဂါကို ကာကွယ်၍မရသော်လည်း တစ်ဆင့်ဝင်ရောက် နိုင်သောရောဂါများကိုမူ
ကာကွယ်နိုင်ကြောင်း၊ အဓိကအားဖြင့် ဇီဝလုံခြံုရေးကို အဓိကထား လုပ်ဆောင်ကာကွယ်ရမည်ဖြစ်
ကြောင်း သိရသည်။
"ခြံထဲမှာ လူဝင်လူထွက်တားရမယ်။ ၀က်တွေကို အရည်အသွေးရှိတဲ့အစာနဲ့ ရေတိုက်ကျွေးရမယ်။
အရိပ်ရတဲ့နေရာ တွေမှာထားရမယ်။ ၀က်နားရွက်က ပြာနေတိုင်း ၀က်နားရွက်ပြာရောဂါ မဟုတ်ပါ
ဘူး"ဟု ဒေါက်တာ ဇော်လွန်းအောင် က ပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၁ ခု နှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း မြို့နယ်ငါးမြို့နယ်
တွင် ၀က်နားရွက်ပြာ ရောဂါဖြစ်ပွားခဲ့ပြီး ၀က်ကောင်ရေ ၄၁၄ ကောင်သေဆုံးကာ ၂၀၁၁ ခုနှစ်၊
မတ်လ ၁၇ ရက်မှစ၍ထိန်းချုပ်နိုင်ခဲ့သည်ဟု သိရသည်။















