စစ်ကိုင်းတိုင်းတောင်ရိုးရှိ ဗုဒ္ဓဘာသာပညာရေးစင်တာကျောင်းတွင် နိုင်ငံတော်သမ္မတ၏ အမျိုးသား
စီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီအဖွဲ့ဝင်များ ပါ၀င်သော လူမှုဖွံ့ဖြိုးရေးအလုပ်ရုံဆွေးနွေးပွဲ
များကို မတ်လ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲများတွင် ပါ၀င်ခဲ့သူများမှာ သမ္မတအကြံပေး ပုဂ္ဂိုလ်များဖြစ်သော ဒေါက်တာ
တင်မောင်သန်းနှင့် ဒေါက်တာဇော်ဦးတို့ ဖြစ်ကြသည်။
"ကျွန်တော်တို့နဲ့ အပြန်အလှန်ဆွေး နွေးတာတော့နည်းတယ်။ တက္ကသိုလ် ကျောင်းသားတွေ ဖြစ်
နေတာလည်းပါမယ်။ ကျွန်တော်တို့ဆွေးနွေးခဲ့တာကလည်း တက္ကသိုလ်တွေမှာ မသင်တဲ့ လူမှုရေး
သိပ္ပံနဲ့နိုင်ငံရေးသိပ္ပံ ဘာသာရပ်တွေကို ဆွေးနွေးပေးခဲ့တာဆိုတော့ ကလေးတွေအတွက် ဗဟုသုတ
ရတာကတော့ အမှန်ပါပဲ။ အများသောအားဖြင့် ကျွန်တော်တို့ ပညာရေးစနစ်ကိုက နားထောင်ကြ
တာများတယ်လေ။ အပြန်အလှန် မေးခွန်းထုတ်တာနည်းတယ်။ အခုလိုဆွေးနွေးပွဲတွေနည်းနဲ့
ရင်းနှီးလာအောင် အဆက်မပြတ်ဆောင်ရွက် ပေးသင့်ပါတယ်"ဟု ဒေါက်တာ တင်မောင်သန်းက
ပြောသည်။
"အဓိက လုပ်ပေးရတာကတော့ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ အတွက်ပါ။ ဆွေးနွေးပွဲ
တွေနဲ့ မစိမ်းအောင် အတွေ့အကြံုရှိအောင်ဆိုပြီး ပထမအကြိမ်လုပ်ဖြစ်တာပါ။ တစ်နေရာတည်းမှာ
စုစည်းမှုလေးတွေလုပ်ပေးတာပါ။ နောင်အနာဂတ်ကာလ မြန်မာနိုင်ငံ ရဲ့ လူ့စွမ်းအားအရင်းအမြစ်
ဖွ့ံဖြိုး တိုးတက်မှုတွေအတွက် လူသားအရင်း အမြစ်တွေဖြစ်တဲ့ ကလေးသူငယ်တွေ၊ ကျောင်းသူ
ကျောင်းသားတွေ၊ အစိုးရ ၀န်ထမ်းတွေက ပူးပေါင်းပါ၀င်မှုတွေ လုပ်နိုင်ဖို့အတွက် ခုလိုအလုပ်ရုံ
ဆွေးနွေးပွဲတွေကို ပြုလုပ်ပေးရခြင်းဖြစ်ပါတယ်" ဟု IBEC ဗုဒ္ဓဘာသာပညာရေးစင်တာ ကျောင်း၏
ပဓာနနာယက ကျောင်းအုပ် အရှင်သောဘိတက မိန့်ကြားသည်။
ဆွေးနွေးပွဲသို့ အစိုးရဌာနအဖွဲ့ အစည်းများမှဝန်ထမ်းများ၊ အခြေခံ ပညာကျောင်းမှ ဆရာ၊ ဆရာမ
များနှင့် သံဃာတော်များ၊ တက္ကသိုလ်အသီးသီးမှ ကျောင်းသားကျောင်းသူများ၊ စုစုပေါင်း ၀င်ရောက်
ဆွေးနွေးသူ ၁၀၀ ကျော်ထိ ရှိခဲ့သည်ဟု သိရသည်။
"အခုလိုလုပ်ပေးတဲ့အတွက် အတွေ့ အကြံုဗဟုသုတတွေ အများကြီးပဲရပါတယ်။ အချင်းချင်း
လည်း နားလည်မှု တွေရှိလာတယ်။ ကျွန်တော်တို့က ပညာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတာဖြစ်တဲ့
အတွက် အချက်အလက်တွေကို ကြိုတင် ပြင်ဆင်ပြီး လေ့လာခဲ့ရတော့ ကိုယ့် အရည်အချင်းလည်း
တိုးတက်လာတယ်" ဟု သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား
ကိုကျော်လင်းအောင်က ပြောသည်။















