မြို့သာစီမံကိန်းအတွက် နစ်နာကြေး ညှိနှိုင်းရာ အဆင်မပြေမှုများ ပေါ်ပေါက်လျက်ရှိ

မြို့သာစီမံကိန်းအတွက် နစ်နာကြေး ညှိနှိုင်းရာ အဆင်မပြေမှုများ ပေါ်ပေါက်လျက်ရှိ

မန္တလေးစက်မှုလုပ်ငန်းများ ဖွ့ံဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့နှင့် တော်ဝင်အဆင့်မြင့် နည်းပညာ”
အဖွဲ့ ကုမ္ပဏီလီမီတက်တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် လက်မှတ်ရေးထိုးထားသော မန္တလေး
မြို့သာ စက်မှုဥယျာဉ်မြို့ စီမံကိန်းမြေနေရာအတွက် တောင်သူများနှင့် မြေနေရာ တန်ဖိုးညှိနှိုင်းရာ
မှာ အဆင်မပြေမှုများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာ ဆယ်ရွာကျော်မှ တောင်သူဦးရေ ၁,၀၀၀ ခန့်၏ စိုက်ပျိုးမြေဧက
တစ်သောင်းကျော် အတွက် မြေယာတန်ဖိုးများညှိနှိုင်းရာတွင် ကွာဟမှုများဖြစ်နေသည်ဟု
တောင်သူများက ပြောသည်။

"ဒီစီမံကိန်းအတွက် အရင်တုန်းက မြေယာတန်ဖိုး ညှိနှိုင်းထားတာလည်း မရှိဘူး။ အခုစီမံကိန်း
စတော့မယ်ဆိုမှ တရားဝင်နဲ့ တရားမဝင်အကွက်ဆိုပြီး ဖြစ်လာတယ်။ တရားဝင်အကွက်ကို
သိန်းနှစ်ဆယ်ပေးပြီး တရားမဝင် အကွက်ကို နစ်နာကြေးဆိုပြီး နှစ်သိန်း ပေးတယ်။ တကယ်ဆိုရင်
တန်းတူပေး သင့်တယ်။ အရင်တုန်းကတည်းက တရားမဝင်အကွက်တွေကို တရားဝင် ဖြစ်ဖို့ဆိုပြီး
တောင်သူပညာပေးလုပ်ငန်း မျိုးလုပ်ခဲ့တာလည်းမရှိဘူး။ မြေတိုင်းတဲ့ နေရာမှာလည်း မှန်ကန်မှုမရှိ
တာတွေ ရှိနေတယ်"ဟု ငါန်းဇွန်မြို့နယ်၊ တောင်အောက်ကျေးရွာမှ ဦးဝင်းဦးက ပြောသည်။

မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအရ ကျေးရွာ ၁၀ ရွာမှ စိုက်ပျိုးမြေ ဧကတစ်သောင်းကျော်
တွင် တရားဝင်အကွက်ပေါင်း ၉၀၀ နီးပါးရှိပြီး တရားမဝင်အကွက်မှာ တစ်သောင်းကျော်ရှိနေသည်
ဟု နစ်နာကြေးများရရှိရန် တောင်သူများဘက်မှ ဦးဆောင်လုပ်ကိုင်ပေးနေသော တည်ပင်
ဆရာတော် ဥူးပညာ သီရိက မိန့်ကြားသည်။

အချို့သောတောင်သူများမှာ တရားဝင်အကွက် ပိုင်ဆိုင်ထားသောကြောင့် လျော်ကြေးအဖြစ်
ထုတ်ယူထားမှုများ ရှိသော်လည်း တရားမဝင်အကွက် ပိုင်ဆိုင်ထားသူများက တန်းတူရရှိရန်
တောင်းဆိုနေသည့် တောင်သူများလည်းရှိပြီး၊ နစ်နာကြေးလက်မခံဘဲ တောင်သူလုပ်ငန်းကို
ဆက်လက်လုပ်ကိုင်လိုသည့် တောင်သူများလည်း ရှိသည်ဟု သိရသည်။

"ကျွန်တော်တို့ရွာကတော့ ဘယ်နစ်နာကြေးကိုမှ မလိုချင်ဘူး။ တောင်သူ ဘဝကိုပဲလိုချင်တယ်။
အေးချမ်းချင်တယ်။ အခုနစ်နာကြေး ယူလိုက်ပြီးရင် ရတဲ့ငွေက ခဏနဲ့ကုန်သွားမယ်။ အခု မြေယာ
က သားစဉ်မြေးဆက် လုပ်ကိုင်စားသောက်နိုင်တယ်။ ဂျပန်ခေတ်တုန်း က ဗုံးကျဲတာ ရွာမပျောက်
ခဲ့ဘူး။ အခုစီမံ ကိန်းတွေလာမှ ရွာပျောက်တော့မယ့် ကိန်းဖြစ်နေတယ်" ဟု နဝရတ်ကျေးရွာမှ
ဦးစိုးညွန့်က ပြောသည်။

မြေယာနစ်နာကြေး လျော်ကြေးပေးရာတွင် တောင်သူများနှင့်အဆင်ပြေ စေရန် ၎င်းစီမံကိန်းဥက္ကဋ္ဌ
ဖြစ်သူ မန္တလေးတိုင်းဒေသကြီး စက်မှုလက်မှုဝန်ကြီးနှင့် ငါန်းဇွန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်
တို့ကလည်း လာရောက်ညှိနှိုင်းနေ ကြောင်း တောင်သူများက ပြောသည်။

"ဦးပိုင်ပေါက်တဲ့မြေဧက ကိုးရာကျော် ကို လျော်ကြေးတစ်ဧက သိန်းနှစ်ဆယ် ပေးတယ်။ ဦးပိုင်
မပေါက်တဲ့မြေတွေကို တော့ သီးနှံနစ်နာကြေး နှစ်သိန်း ပေးတယ်။ အဲဒါကို တန်းတူလိုချင်နေကြ
တယ်။ တရားမဝင်တဲ့မြေတွေက စားကျက်မြေ၊ သုဿာန်မြေတွေ၊ ချောင်းတွေ မြောင်းတွေပါ။
လယ်ယာမြေဥပဒေအရ တရားဝင်မှတ်ပုံတင်လို့ မရတဲ့မြေတွေပါ။ အဲဒီမြေတွေမှာ လုပ်ကိုင်စိုက်ပျိုး
နေကြတာပါ။ အခုထပ်ပြီးတော့ ညှိနှိုင်းထားတယ်။ သိန်းနှစ်ဆယ်တော့မရဘူး။ နှစ်သိန်းအထက်
တော့ ပေးမယ်ဆိုပြီး ညှိနှိုင်းထားတယ်" ဟု အဆိုပါစီမံကိန်း အတွက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ
ထားသူ တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူက မတ်လ ၁၁ ရက် နေ့ က
မြန်မာတိုင်း(မ်)ကို ပြောသည်။

ငါန်းဇွန်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးမြတ်သူက "တရားမဝင်မြေကွက်တွေ
ကို တရားဝင် စိုက်ပျိုးဖို့အတွက် ပညာပေးခဲ့တာကလည်း နည်းခဲ့တယ်။ ပြည်သူတွေကို တော့
တစ်ပြေးတည်းနစ်နာကြေး ရစေချင်တယ်။ ဥပဒေအတိုင်းဆိုရင်တော့ ရပိုင်ခွင့်အားနည်းနေတယ်။
တောင်သူတွေရဲ့ ဆန္ဒကိုလည်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ကို တင်ပြထားပါတယ်။ လာမယ့်
လွှတ်တော်မှာတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးသွားဖို့ မရှိပါဘူး"ဟု ပြောသည်။

ညှိနှိုင်းမှုများအဆင်မပြေပါက လာမည့် မိုးဦးကျစိုက်ပျိုးမြေများတွင် ပြန်လည်ထွန်ယက် စိုက်ပျိုးကြ
မည်ဖြစ်ပြီး ဖမ်းဆီးမှုများရှိလာပါက ခံယူသွားရန် ပင်အသင့်ဖြစ်ကြောင်း တောင်သူများက ပြော
သည်။

"စိုက်ပျိုးခဲ့တာ ဘိုးဘွားလက်ထက် ကတည်းကပါပဲ။ ဓါးမဦးချ လုပ်ကိုင်စား သောက်ခဲ့ကြတာ။
နစ်နာကြေးအဖြစ် ပေးမယ်ဆိုရင်တော့ တန်းတူရချင်တယ်။ အခုပေးတဲ့သိန်းနှစ်ဆယ်နဲ့ နှစ်သိန်း
ဆိုတာကလည်း သူတို့ကိုယ်တိုင်ပေးတဲ့ ငွေကြေးတွေပါ။ ဘယ်သူကမှတောင်းတဲ့ ငွေမဟုတ်ပါဘူး"
ဟု ပေါက်စိမ်းရွာမှ တောင်သူဦးမာစိန်က ပြောသည်။

အဆိုပါ စီမံကိန်းပြီးစီးအောင်မြင်လာပါက နီးစပ်ရာဒေသများ ကုန်စည် စီးဆင်းမှု ပိုမိုလွယ်ကူအဆင်
ပြေလာမည်ဖြစ်ပြီး လုပ်သားနှစ်သိန်းကျော်ကို အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါ်ပေါက်
လာမည်ဖြစ်ကြောင်း စီမံကိန်းတာဝန်ရှိသူများက ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး