ကူးစက်ပြန့်ပွားမှု မြန်ဆန်သည့်ရောဂါ တစ်မျိုးဖြစ်သော ခွေးရူး ရောဂါကာကွယ် တားဆီးရေး
အတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီး၊ မည်သည့်တိရိစ္ဆာန် မဆိုစတင်မွေးမြူသည့်နေ့မှစ၍
ခွေးရူး ပြန်ရောဂါ ကာကွယ်ဆေးထိုးထားရန် လိုအပ်နေပြီဖြစ်ကြောင်း မန္တလေးမြို့ရှိ တိရိစ္ဆာန်
ဆရာဝန်များက ပြောသည်။
ယခင်က ခွေးရူးရောဂါမှာ ပူပြင်းသည့် ရာသီတွင်အဖြစ်များသည်ဟု လူသိများသော်လည်း အမှန်
တကယ်အားဖြင့် တစ်နှစ်ပတ်လုံးဖြစ်ပွားနေသော ရောဂါဖြစ်သောကြောင့် တိရိစ္ဆာန်များအား ကြိုတင်၍ ခွေးရူးပြန် ရောဂါကာကွယ် ဆေးထိုးပေးထားရန်လိုအပ်သည်ဟု တိရိစ္ဆာန် ဆေးကု
ဆရာဝန်များအသင်း အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ ခင်မောင်ထွေးက ပြောသည်။
"ဒီရောဂါက ပူပြင်းတဲ့အချိန်မှာဖြစ်တယ်လို့ သာမန်လူတွေသိကြပေမယ့် အရမ်းအေးတဲ့
ချင်းပြည်နယ်လို နေရာမျိုးမှာ ခွေးရူးပြန်ရောဂါတော်တော်လေး ဖြစ်နေတယ် ဆိုတာသိသူနည်းပါ
သေးတယ်။ ပြီးတော့ တိရစ္ဆာန်မွေးပြီဆိုတာနဲ့ ကာကွယ်ဆေးထိုးသင့်နေပြီ။ ဒီရောဂါက ခွေးကနေပဲ
လူ ကိုကူးတာမဟုတ်ပါဘူး။ ရောဂါဖြစ်နေတဲ့ ခွေးကနေကြောင်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ၀က်တွေကို
လည်း ကူးစက်နိုင်တယ်။ ဒီတိရိစ္ဆာန်တွေက လူတွေကို ကိုက်ရင်ပဲဖြစ်ဖြစ် သူတို့ရဲ့ သားရည်တွေက
တစ်ဆင့်ပဲဖြစ်ဖြစ် လူတွေကို ကူးစက်နိုင်တယ်ဆိုတာ သတိပြုရမယ်"ဟု ၎င်းက ပြောသည်။
ခွေးများအား ခွေးရူးဟုတ်၊ မဟုတ် အကြမ်းဖျဉ်း သိရှိနိုင်သည့် လက္ခဏာများမှာ ရေကြောက်ခြင်း၊
ပါးစပ်မှ သွားရည်ကျခြင်း၊ အမြီးကုပ်နေခြင်း၊ ပုံမှန်အနေအထားမှ ပြောင်းလဲနေခြင်း၊ အဖျားရှိနေခြင်း
တို့ဖြစ်ပြီး၊ ၎င်းခွေးမှတစ်ဆင့် အကိုက်ခံရသည့် လူနှင့်အခြား တိရစ္ဆာန်များမှာလည်း အဆိုပါ
လက္ခဏာရပ်များ ကိုတွေ့မြင်နိုင်သည်ဟု တခြားတိရိစ္ဆာန် ဆေးကုဆရာဝန်တစ်ဦးဖြစ်သူ
ဒေါက်တာ ၀င်းနိုင်ကိုကိုက ပြောသည်။
"ခွေးရူးဟုတ်မဟုတ်၊ ခွေးရူးအကိုက်ခံရတာ ဟုတ်မဟုတ်သာမန်သိနိုင်တာ ကတော့သူတို့တွေက
ရေကိုအရမ်း ကြောက်ကြတယ်။ ရေမြင်ရင်ကိုပြေးကြတယ်။ လူဆိုရင်အကြောတွေတက်လာတယ်။
ပြီးရင်တွေ့သမျှ အကုန်ကိုက်တယ်။ လူဆိုရင်လဲသစ်သားတွေကုတ်ဖဲ့တယ်။ ကိုက်တတ်တယ်။
လူအချင်းချင်း ပြန်ကိုက်ရင်လည်း ရောဂါကူးစက်နိုင်ပါတယ်"ဟု၎င်းက ရှင်းလင်းပြောပြသည်။
ခွေးရူးပြန်ရောဂါမှာ ကုသ၍မရနိုင်သော ရောဂါဖြစ်သောကြောင့် ခွေးကိုက်ခံရချိန်မှ၂၄ နာရီအတွင်း
ကာကွယ်ဆေးထိုးထားရန်လိုအပ်ပြီး၊ အကိုက်ခံရသည့် နေရာအနေအထားပေါ်မူတည်၍ ခန္ဓာကိုယ်
တွင်း ရောဂါပြန့်ပွားမှုမြန်ဆန် နိုင်သည်ဟုလည်း ဒေါက်တာ ခင်မောင်ထွေးက ပြောသည်။
"အကိုက်ခံရတဲ့နေရာက ဦးနှောက်နဲ့ နီးရင် မြန်မြန်အသက်ဆုံးရှုံးနိုင်တာကြောင့် ပခုံး၊ လည်ပင်း
အနားတစ်ဝိုက် အကိုက်ခံရရင် မြန်မြန်ကာကွယ်ဆေးထိုးသင့်ပါတယ်။ အခုခေတ်မှာ ခွေးရူး ပြန်
ကာကွယ်ဆေးထိုးဖို့ကလည်း လွယ်လွယ်ကူကူဖြစ်နေပြီဆိုတော့ မိမိအကိုက်ခံရတာက ခွေးရူး
ဆိုတာမသိနိုင်တဲ့အတွက် အကိုက်ခံရတဲ့ဒဏ်ရာကို အိမ်မှာသာမန် ဆေးကုနည်းတွေနဲ့ မကုသ
သင့်ပါဘူး"ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ခွေးရူးပြန်ကာကွယ်ရောဂါကာကွယ်မှုအဖြစ် မန္တလေးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ၊
သီလရှင် ကျောင်းများနှင့် ပရဟိတကျောင်းများရှိ ခွေးများအား ကာကွယ်ဆေးအခမဲ့ ထိုးပေးနေပြီး၊
လက်ရှိအချိန်အထိ ခွေးအရေအတွက် ၂,၀၀၀ နီးပါးကာကွယ်ဆေးထိုးထားပြီး ဖြစ်ကြောင်း
ဒေါက်တာခင်မောင်ထွေး က ပြောသည်။
"မဟာမုနိဘုရားကြီး ပတ်ဝန်းကျင်မှာရှိတဲ့ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းတွေ၊ အမရပူရမြို့
နယ်ထဲက မဟာဂန္ဓာရုံ ဘုန်းကြီးကျောင်းတွေ၊ မန္တလေးတောင် ခြေတစ်ဝိုက်က ဘုန်းကြီးကျောင်း
တွေ၊ ပြင်ဦးလွင်မြို့နယ်ထဲက ဘုန်းကြီး ကျောင်းနဲ့သီလရှင် ကျောင်းတွေက ခွေး တွေကိုတော့
ကာကွယ်ဆေး ထိုးပြီးပါပြီ။ တခြားနယ်တွေကိုလိုက်လံ ထိုးပေးချင် ပေမယ့် အလှူရှင်လိုအပ်နေပါ
တယ်။ ခွေး တွေကို ကာကွယ်ဆေးထိုးတာက ကုန်ကျစရိတ်သက်သာပါတယ်။ လူတစ်ယောက်
ကာကွယ်ဆေးတစ်လုံးကို ကျပ် ၉,၅၀၀ ရှိပါတယ်။ ခွေးတစ်ကောင်ဆိုရင်တော့ ကျပ် ၂,၅၀၀ ပဲရှိပါ
တယ်"ဟု ၎င်းက ပြောသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ခွေးရူးဟု သံသယရှိသည့်ခွေးများ၏ ဦးနှောက်ကို ဓာတ်ခွဲ
စမ်းသပ်ကြည့်ရာ ရ၅ ရာခိုင်နှုန်းမှာ ခွေးရူးရောဂါပိုး ရှိနေ ကြောင်း တွေ့ရှိခဲ့ရပြီး၊ ၂၀၁၁ ခုနှစ်အတွင်း
မြန်မာတစ်နိုင်ငံလုံးတွင် ခွေးရူး ပြန်ရောဂါဖြစ်ပွားသူ ၂၄၀ဦး ရှိခဲ့ရာ ၂၄၀ ဦးစလုံး သေဆုံးခဲ့သည်ဟု
ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
















