မဟာမုနိဘုရားရှိ ပန်းပုအရောင်းဆိုင်များ၌ ကမ္ဘာလှည့်ခရီးသည်များ ၀ယ်ယူမှုများပြားလာ

မဟာမုနိဘုရားရှိ ပန်းပုအရောင်းဆိုင်များ၌ ကမ္ဘာလှည့်ခရီးသည်များ ၀ယ်ယူမှုများပြားလာ

မန္တလေးမြို့ မဟာမုနိဘုရားရှိ ပန်းပု အရောင်းဆိုင်များတွင် ကမ္ဘာလှည့်ခရီးသည်များ၏ ၀ယ်ယူမှု
များပြားလာကြောင်း အဆိုပါဘုရားရှိ ပန်းပုအရောင်းဆိုင်များက ပြောကြားသည်။

၂၀၁၂ ခုနှစ်ဆန်းပိုင်းမှစ၍ မန္တလေးမြို့သို့ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု တိုးတက်များပြားလာ
ခြင်းနှင့်အတူ အမှတ်တရလက်ဆောင်ပေးရန် ၀ယ်ယူလေ့ရှိကြသော ပန်းပုရုပ်များ၏ ရောင်းအားမှာ
ယမန်နှစ်ထက်ရောင်းအား ရာခိုင်နှုန်းပိုတက်လာကြောင်း ဆရာပေးသောရွှေလက် ပန်းပုအရောင်း
ဆိုင်မှ ကိုပေါက်က ပြောသည်။

"ဘုရားကြီးကို နိုင်ငံခြားသားတွေ အဝင်များလာတာကြောင့် ရောင်းအား က မနှစ်ကထက် ၃၀
ရာခိုင်နှုန်းလောက် ပိုလာတယ်။ သယ်လို့လွယ်တဲ့အရုပ်တွေ ကိုပဲ အဝယ်များတယ်။ အရုပ်သိပ်ကြီး
တာတွေဆိုရင် မဝယ်ကြဘူး။ ပျမ်းမျှ အနေနဲ့ ကျပ် ၁၀,၀၀၀ ကနေ ကျပ် ၁၀၀,၀၀၀ ၀န်းကျင်
လောက် ရှိတဲ့ပစ္စည်း တွေအဝယ်များတယ်"ဟု ၎င်းကဆက် လက်ပြောပြသည်။

ရုပ်တုထုလုပ်သည့် သစ်အမျိုးအစား၊ ပုံသဏ္ဌာန်နှင့် အရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိ
ပြီး ကျွန်းသားဖြင့် ထုလုပ်သော မြန်မာ့ရိုးရာယဉ်ကျေးမှု ဟန်ပါ၀င်သည့် အမှတ်တရအရုပ်များ ကို
နိုင်ငံခြားဧည့်သည်များ အဝယ်များ ကြောင်း ၎င်းကပြောသည်။

"ကိန္နရီ၊ ကိန္နရာရုပ်၊ ရာမရုပ်၊ နတ်မင်းကြီးလေးပါးရုပ်စတဲ့ အရုပ်မျိုးတွေကို ကြိုက်ကြတယ်။
ရှေးဟောင်းပုံစံ အရုပ်မျိုးတွေကို ပိုပြီးကြိုက်ကြတယ်"ဟု ကိုပေါက်က ပြောပြသည်။

"ဒီနှစ်ပိုင်းမှာဆို ရောင်းအားလည်း ကောင်းလာတယ်။ တစ်ပတ်ကို အများဆုံး ၁၀ ရုပ်လောက်ထိ
ရောင်းလာရတယ်။ အရင်နှစ်တွေတုန်းကဆိုရင် တစ်ပတ်လုံးနေမှ တစ်ရုပ်နှစ်ရုပ်လောက် ပဲရောင်းရ
တယ်။ ပြည်တွင်းကတော့ ပန်းပုရုပ်တွေနဲ့ အိမ်တွင်းအလှဆင်တာ တွေ သိပ်မလုပ်ကြဘူး။ ပန်းပုနဲ့
အလှဆင်တာမျိုးက ဟိုတယ်တွေလောက်ဘဲ လုပ်ကြတာဆိုတော့ ပန်းပုလုပ်ငန်းက ကမ္ဘာလှည့်
ခရီးသွားတွေကိုပဲ အားထား နေရတယ်"ဟု ၎င်းကဆိုသည်။

ပြည်တွင်း ၀ယ်လိုအားမှာလည်း မေလမှဇူလိုင်လအထိသာ အဝယ်များပြီး၊ ဘုရားဆင်းတုတော်များ
ကိုသာ အဝယ်များကြောင်း ပြောသည်။

"အရုပ်ထုတဲ့နေရာမှာ အခက်အခဲ တွေလည်းရှိပါတယ်။ အရုပ်ထုနေရင်းနဲ့ အသားတွေပဲ့ထွက်တာ
မျိုး၊ နောက်ပြီး အနာပါတဲ့အသားတွေဆိုရင် နည်းနည်းချိန်ဆပြီးမှ ထုရတာမျိုးတွေလည်းရှိတယ်။
လိုချင်တဲ့အရုပ်ပုံစံပြောပြီး အော်ဒါတွေအပ်ရင်လည်း လက်ခံပါတယ်။ ဈေးတော့ နည်းနည်းပိုပေးရပါ
တယ်။ နိုင်ငံခြားဧည့်သည်တွေကတော့ ထုပြီးသားအရုပ်တွေကိုပဲ ၀ယ်သွားတာ များပါတယ်။
တခြားဗုဒ္ဓဘာသာနိုင်ငံက ဧည့်သည်တွေကတော့ ဘုရားဆင်းတု တော်တွေဝယ်ကြတယ်"ဟု
ပန်းပုထုလုပ် ရောင်းချသူ ကိုသန်းနိုင်ထွန်းက ပြောသည်။

မြန်မာ့ရိုးရာ ပန်းပုရုပ်များကို တရုတ်၊ ထိုင်း၊ ပြင်သစ်၊ လာအိုနိုင်ငံမှ အများဆုံး ၀ယ်ယူကြပြီး
ထိုင်းနိုင်ငံသို့လည်း ပန်းပု ရုပ်များ အဓိကတင်ပို့ရောင်းချနေရ ကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး