မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်၌ ကျပ်မပြည့်သူ မိန်းကလေးတစ်ဦးကို သချႋုင်းတွင်းခေါ်
ကာ ရက်စက်စွာသတ်ဖြတ်ပြီးနောက် နားကပ်နှင့် လက်စွပ်ကိုယူ၍ တိမ်းရှောင်သွားသူကို မြို့နယ်
ရဲတပ်ဖွဲ့စခန်း၊ တာဝန်ရှိသူများက နာရီပိုင်းအတွင်း လိုက်လံဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရ
သည်။
ယခုလ ၈ ရက်နေ့တွင် တံတားဦးမြို့တွင်းရှိ ကားဂိတ်များ၌ ပေါက်စီကြော် လိုက်လံလှည့်လည်
ရောင်းချသူ၊ ကျပ်မပြည့်သည့် အသက် ၃၄ နှစ်ရှိ မစမ်းစမ်းဝင်း(ခေါ်) မဂွတိုမှာ ပုံမှန်အိမ်ပြန် ရောက်
ချိန်ဖြစ်သည့် နံနက် ၁၁ နာရီ ကျော်သည်အထိ ပြန်မရောက်သည့်အပြင် လိုက်လံရှာဖွေ၍လည်း
မတွေ့သဖြင့် သက်ဆိုင်ရာရဲစခန်းသို့ တိုင်ကြားချက်အရ ရှာဖွေခဲ့ကြကြောင်း၊ ၁၂ နာရီ ခန့်တွင်
မြို့ခံကလေးများက လူသေ အလောင်းတစ်လောင်း ၀တ်လစ်စားလစ်အနေအထားတွင် မျက်နှာ
တစ်ပြင်လုံး ဖူးရောင်ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရပြီး သတင်းပေးချက်အရ
မစမ်းစမ်းဝင်းဟု အတည်ပြုနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရ
သည်။
"သေဆုံးသူနဲ့အတူ ဈေးရောင်းဖက် ငုံးဥပြုတ်သည်ရဲ့ သတင်းပေးမှုအရ သေဆုံးသူကို လူ
တစ်ယောက်က ပေါက်စီကြော်အများကြီးဝယ်မယ်ဆိုပြီး ပြောဆိုခေါ်သွားကြောင်းသိရလို့
ကျွန်တော်တို့ လိုက်စုံစမ်းရာမှာ အဲဒီလူက ငါန်းဇွန်မြို့ကိုသွားတဲ့ကားတစ်စီး ပေါ်တက်လိုက်သွား
တယ်လို့သိရတယ်။ ကျွန်တော်တို့ အဲဒီလိုမြင်လိုက်တဲ့သူကိုပါ ခေါ်ပြီး အဖွဲ့တွေခွဲပြီးလိုက်ကြရာမှာ
ငါန်းဇွန်မရောက်မီ လမ်းခုလတ်က ရွာသစ်ရွာမှာဆင်းပြီး အရက်ဝင် သောက်နေတဲ့တရားခံကို
နေ့လယ် ၁ နာရီခွဲလောက်မှာ ဖမ်းမိနိုင်ခဲ့ပါတယ်"ဟု စခန်းမှူးရဲအုပ်ထွန်းထွန်းအေးက ယခုလ
၉ ရက်နေ့တွင် ပြောသည်။
သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိသော အသက် ၃၅ နှစ်ရှိ တရားခံ ၀င်းအောင်စိုး (ဘ)
ဦးကျော်ဝင်းကို ပ-၁၄ /၂၀၁၃/ ၃၉၂/၃၀၂ တို့ဖြင့် အမှုဖွင့် ထားကြောင်း ဒုရဲအုပ်သက်လွင်ဦးက
ပြောသည်။
"တရားခံက ခမရ (၄၃၈) ဗန်းမော်က ဒုတပ်ကြပ်ပါ။ တောင်ငူမြို့မှာ ချက်ပြုတ်ရေးသင်တန်းဆင်းပြီး
တပ်မပြန်သေးဘဲ ငါန်းဇွန်မြို့နယ် ဂျိုရွာကိုအပြန်မှာ ဒီအမှု ကိုကျူးလွန်တာပါ။ သေသွားတဲ့သူက
တော့ ပုဏ္ဏားကုန်းရပ်ထဲမှာနေတယ်၊ လူကသာကြီးနေတာ အသိစိတ်က ကလေးသာသာဖြစ်နေ
တာ။ ကျွန်တော်တို့မြို့ခံတွေ အကုန်လုံးသိနေကြတဲ့သူပါပဲ"ဟု တံတားဦးမြို့မှ လူမှုရေးလုပ်ငန်းစဉ်
များတွင် ပါ၀င်လုပ်ကိုင်နေသူ ကိုသန့်စင် က ပြောသည်။
"တရားခံက ဗန်းမော်က တပ်တစ်တပ် ကလို့စုံစမ်းသိရပါတယ်။ ဆေးစာကို စောင့်နေပြီး ပုဒ်မ ၃၇၆
မတပ်ရသေးပါဘူး။ ဒီနေ့ ရဲစခန်းရှေ့မှာ လူတွေဝိုင်းအုံ နေတာက တရားခံကိုရုံးထုတ်မယ်ထင်ပြီး
လာစောင့်ကြည့်ကြတာပါ"ဟု ဒုရဲအုပ် ဇော်မင်းထိုက်က ယခုလ ၁၁ ရက်နေ့ တွင်ပြောသည်။
ယခုလ ၁၁ ရက်နေ့တွင် တံတားဦး မြို့နယ်ရဲစခန်းရှေ့၌ တရားခံကိုလာ ရောက်စောင့်ကြည့်နေ
သည့် လူစုလူဝေး ဖြစ်ပေါ်ခဲ့ကာ 'မုဒိမ်းကောင် လူသတ်သမားကို သေဒဏ်ပေး'ဆိုသည့်ဆိုင်းဘုတ်
များလည်း ရေးဆွဲခဲ့ကြသည်။
















