အနာကြီးရောဂါ အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

အနာကြီးရောဂါ အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

မြန်မာနိုင်ငံ ခရစ်ယာန်သာသနာ အနာကြီးရောဂါလုပ်ငန်းသည် ၎င်း လုပ်ငန်းဌာန ၁၁ နေရာကို
အခြေပြု၍ အနာကြီးရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ၂၀၁၃ ခုနှစ် အတွင်း
တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်သည်။

"ရိပ်သာ ၁၁ ခုကနေတစ်ဆင့် ရွာတွေကိုဆင်းပြီး အနာကြီးရောဂါ အသိပညာ ပေးလုပ်ငန်းနဲ့
စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်းတွေကို လုပ်ပြီး ရောဂါခံစားရသူ အသစ်တွေ ရှာမယ်။ အရေပြား
ကျန်းမာရေးအတွက် စစ်ဆေးမယ်ဆိုပြီး လုပ်မှရမှာ၊ အခုအချိန်အထိ အနာကြီးရောဂါ ကြားရင်
လူထုက ရွံ့ကြောက်နေကြတုန်းပဲ။ ရောဂါရှာမယ်လို့ ခေါင်းစဉ်တပ်ရင် ဘယ်သူမှ လာပြကြမှာ
မဟုတ်ဘူး။ နှစ်ပေါင်း ၄,၀၀၀ လောက်ကတည်းက ရှိနေတဲ့ ရောဂါအပေါ် အမြင်ကို နှစ် ၁၀၀
လောက်နဲ့ ပပျောက်သွားအောင် လုပ်ဖို့ခက်တယ်။ ဒါကြောင့် အသိပညာ ပေးကတော့ အဓိက
စဉ်ဆက်မပြတ် လုပ်နေရဦးမှာပဲ။ ရောဂါမြန်မြန်တွေ့လိ့ု ဆေးစောစောဆေးသောက်နိုင်ရင် ကိုယ်
အင်္ဂါ ချို့ယွင်းမှုကနေ ကာကွယ်နိုင်မယ်။ လူ့အသိုင်းအဝိုင်းထဲ ပြန်ဝင်နိုင်မယ်" ဟု မြန်မာနိုင်ငံ
ခရစ်ယာန်သာသနာ အနာကြီး ရောဂါလုပ်ငန်းဆိုင်ရာ အတွင်းရေးမှူး ဦးစောအယ်ထူး က
မြန်မာတိုင်း(မ်)ကို ပြောသည်။

၂၀၀၉ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင်
အနာကြီး ရောဂါသည် ၂,၆၇၉ ဦး ရှိသည်။

မြန်မာနိုင်ငံ ခရစ်ယာန်သာသနာ အနာကြီးရောဂါလုပ်ငန်း၏ လုပ်ငန်း တည်ရှိရာ နေရာအပေါ်
အခြေခံသော ၂၀၁၂ ခုနှစ် စစ်တမ်းများအရ ရောဂါ သည် ပါ၀င်သော အိမ်ထောင်စုပေါင်း ၂,၀၉၆ စု
ရှိပြီး၊ ၉,၄၉၆ ဦးရှိရာ အသက် ၆၀ နှင့်အထက် လူနာဟောင်း အမျိုးသား ၂၃၈ ဦးနှင့်၊ အမျိုးသမီး
၂၃၇ ဦးရှိကာ အသစ်ကူးစက်ခံရသူ ၉၉ ဦးဖြစ်သည်။

WHO စစ်တမ်းများအရ ရောဂါ ကူးစက် ပျံ့နှံ့နှုန်းမှာ ၁၀,၀၀၀ တွင် တစ်ယောက်အောက်လျော့
သွားပြီဖြစ်သည့်အတွက် ထိန်းချုပ်နိုင်သည့်အနေအထားအဖြစ် သတ်မှတ်သည်။

သို့သော်လည်း စစ်တမ်းများအရ တစ်နှစ်လျှင် ၂,၀၀၀ မှ ၃,၀၀၀ အကြား အသစ်ကူးစက်မှုများရှိနေ
ပြီး လူနာများအား ပတ်ဝန်းကျင်မှ ဖယ်ကြဉ်ထားသည့် ခွဲခြားဆက်ဆံမှုများလည်း ဆက်လက်ရှိနေ
ဆဲဖြစ်သည်။

"လွတ်လပ်ရေးရပြီး WHO စစ်တမ်းအရ ကျွန်တော်တို့ဟာ ရောဂါပိုးရှိတဲ့ ဖန်လုံအိမ်ကြီးထဲမှာ
နေနေရတာနဲ့ တူတယ်လို့ပြောတယ်။ အဲဒီတုန်းက စစ်တမ်းအရ ငါးအိမ်ထောင်မှာ တစ်ယောက်ရှိ
တယ်။ လက်ရှိမှာလည်း ပိုးကင်းနေတာ မဟုတ်ဘူး။ ပတ်ဝန်းကျင်မှာ ရှိနေတာပဲ။ ကိုယ်ခံအား
ကောင်းနေ လို့သာ ပိုးက မဝင်နိုင်တာ။ စိတ်ပညာ အရ သရဲခြောက်တယ်ဆိုတဲ့နေရာကို များများ
သွားရင် သရဲမကြောက်တော့ သလို အနာကြီးရောဂါသည်တွေဆီကို များများသွားသင့်တယ်။
လူထုထဲမှာ ဒီလိုအသိတွေ ရောက်နေမယ်ဆိုရင် ဒီရောဂါကို ကြောက်စရာလို့ မြင်တာတွေ လျော့
လာပြီး ခွဲခြားဆက်ဆံမှုတွေ လျော့နည်းလာမယ်"ဟု ဦးစောအယ်ထူးက ပြောသည်။

မြန်မာနိုင်ငံ ခရစ်ယာန်သာသနာ အနာကြီးရောဂါလုပ်ငန်းမှ အနာကြီး ရောဂါ ဥပုသ်နေ့ အစီအစဉ်၊
အလုပ်ရုံ ဆွေးနွေးပွဲများ၊ အနာကြီးရောဂါဆိုင်ရာ သင်တန်းနှင့် ဟောပြောပွဲများ၊ ပညာသင်
ထောက်ပံ့ရေးအစီအစဉ်၊ အသက်မွေးပညာသင်တန်းများ၊ ၀င်ငွေတိုးလုပ်ငန်းများနှင့် ကျွမ်းကျင်မှု
ဆိုင်ရာအမြင်ဖွင့် သင်တန်းများ၊ စွမ်းဆောင်ရည် မြှင့်တင် ရေးဆိုင်ရာ အမြင်ဖွင့်သင်တန်းများ၊
ကျေးရွာဘဝသစ် စီမံကိန်းစသောလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

ရောဂါရှင် မိသားစုများ၏ သားသမီး များအတွက် ပညာသင်ထောက်ပံ့ရေး အစီအစဉ်ကို ယခင်နှစ်
များက အမေရိကန် အနာကြီးရောဂါ သာသနာပြုလုပ်ငန်းက ထောက်ပံ့ပေးခဲ့သော်လည်း ယခုနှစ်
တွင် စီမံကိန်းကာလပြီးဆုံးသွားပြီဖြစ်သော်လည်း မြန်မာနိုင်ငံ ခရစ်ယာန်သာသနာ အနာကြီးရောဂါ
လုပ်ငန်းမှ ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

"မိဘတွေက ရောဂါအခြေအနေ ကြောင့် ကိုယ်အင်္ဂါချို့ယွင်းသွားလို့ လူ့အသိုင်းအဝိုင်းထဲ ပြန်ဝင်ဖို့
ခက်တယ်။ ဒါပေမဲ့ ဒီမိဘက မွေးလာတဲ့ကလေးတွေ ကို လူ့ပတ်ဝန်းကျင်က အနူသားသမီးရယ်လို့
ဆိုပြီး ကျောင်းမှာ၊ အလုပ်မှာ နောက်ဆုံး အိမ်ထောင်ပြုတဲ့အချိန်အထိ ခွဲခြားဆက်ဆံခံရတာတွေ
ရှိတယ်။ ဒီ ကလေးတွေအတွက် ကျွန်တော်လုပ်ပေး နိုင်တာ ပညာရေးထောက်ပံ့ပေးဖို့ပဲ။ ပညာ
တတ်မယ်ဆိုရင် သူ့ပညာအရ သိက္ခာရှိရှိ နေနိုင်မယ်။ အခုနှစ် ၁၀ တန်း၊ တက္ကသိုလ်၊ အလယ်တန်း
နဲ့ မူလတန်းကို ဦးစားပေးအစီအစဉ်နဲ့ ထောက်ပံ့ပေးသွားမယ်"ဟု ဦးစောအယ်ထူးက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးဝါးကို အခမဲ့ပ့ံပိုးလျက်ရှိပြီး မြန်မာနိုင်ငံခရစ်ယာန်သာသနာ
အနာကြီး ရောဂါ လုပ်ငန်းခွဲများဖြင့် ဆောင်ရွက်လျက်ရှိ သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာ
ဖြင့် မကာမိသေးကြောင်း သိရသည်။ အနာကြီးရောဂါဆိုသည်မှာ ကူးစက်တတ်သော နာတာရှည်
ရောဂါတစ်မျိုး ဖြစ်ပြီး Mycobacterium Leprae ဟု ခေါ်သော အနာကြီးရောဂါမျိုး ၀င်ရောက်ခြင်း
ကြောင့် အနာကြီးရောဂါ ဖြစ်ရသည်။

အနာကြီးရောဂါသည် အဓိအားဖြင့် အရေပြား နာ့ဗ်ကြောများ၊ အသက်ရှူ လေပြွန်အထက်ပိုင်း၊
အသက်ရှူလမ်း ကြောင်းကိုလည်းကောင်း၊ မျက်စိကို လည်းကောင်း ထိခိုက်ပျက်စီးစေသည်။

၎င်းသည် အသက်အရွယ်မရွေး၊ ကျားမ မရွေး ဖြစ်ပွားနိုင်သည်။

ရောဂါပျိုးရက်မှာ အလွန်ရှည်ကြာပြီး ပျမ်းမျှသုံးနှစ်မှ ငါးနှစ်အထိ ကြာရှည်တတ်သည်။

ရောဂါရှိသောလူတစ်ဦးထံမှ အခြားလူများကို တိုက်ရိုက်ကူးစက်တတ်သည်။

သို့သော် ရောဂါပိုးရှိသူနှင့် အတန်ကြာ ထိတွေ့နေမှသာ ကူးစက်တတ်သော်လည်း အနာကြီးရောဂါ
လက္ခဏာဖြစ် ပေါ်သူ အနည်းငယ်သာ ရှိသည်။

အနာကြီးရောဂါသည် ဆေးကုသခံယူနေခြင်းမရှိသော လူနာများထံမှ အခြားသူများသို့ အသက်ရှူ
လမ်း ကြောင်းနှင့် အရေပြားတို့မှတစ်ဆင့် ကူးစက်တတ်သည်ဟု ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်
ပြန်သော ၂၀၀၈ ခုနှစ် အနာကြီးရောဂါ တိုက်ဖျက်ရေးလုပ်ငန်း လက်စွဲစာအုပ်အရ သိရသည်။

မြန်မာနိုင်ငံ ခရစ်ယာန်သာသနာ အနာကြီးရောဂါလုပ်ငန်း ဆိုသည်မှာ မြန်မာနိုင်ငံတစ်ဝန်းရှိ
အနာကြီးရောဂါ သာသနာလုပ်ငန်းများကို ဆောင်ရွက် နေသည့် ခရစ်ယာန်ဂိုဏ်းပေါင်းစုံပါ၀င်သော
အဖွဲ့အစည်းဖြစ်သည်။

၁၉၈၄ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့ တွင် တိုင်းရင်းသား ခရစ်ယာန်သာသနာ အနာကြီးရောဂါ
လုပ်ငန်းအဖွဲ့က စတင်ခဲ့သည်။

ထိုနောက် မြန်မာနိုင်ငံ ခရစ်ယာန်သာသနာ အနာကြီးရောဂါလုပ်ငန်းအနေ ဖြင့် စတင်ဖွဲ့စည်း လုပ်
ဆောင်ခဲ့သည်။

၎င်းမတိုင်မီအချိန် ၁၈၉၂ ခုနှစ်မှ စတင်၍ မန္တလေးတွင် မက်သဒစ်အသင်းတော် (အထက်မြန်မာ
ပြည်)၏ အနာကြီး ရောဂါသည်များ ပြုစုခြင်းလုပ်ငန်း၊ ၁၈၉၈ ခုနှစ်တွင် မော်လမြိုင်၌ အစပြုခဲ့သည့်
Miss Susan Haswell အနာကြီး ရိပ်သာ၊ (ယခု ခရစ်ယာန်အထူး အရေ ပြား ဆေးရုံ၊ တောင်ဝိုင်း၊
မော်လမြိုင်) ၁၉၂၆ မှ စတင်ခဲ့သော ကျိုင်းတုံဝန်းကျင် ရှိ ဒေါက်တာ Richard Buker မှ အနာကြီး
ကျေးရွာ ၁၆ ရွာ အား တည်ထောင်ကာ အနာကြီးရောဂါစောင့်ရှောက်မှုလုပ်ငန်း၊ ၁၉၃၆ ခုနှစ်တွင်
ကျိုင်းတုံ (နောင်ကန်)တွင် ရိုမန်ကက်သလစ် သီလရှင်များ ဦးဆောင်သော အနာကြီး ရောဂါသည်
စောင့်ရှောက်ခြင်းလုပ်ငန်း၊ ၁၉၃၈ ခုနှစ်တွင် လွိုင်လင်မြို့မှ ၁၅ မိုင် ခန့်ဝေးကွာသည့် ဟိုခိုက်
အနာကြီး ရိပ်သာ၌ သာသနာလုပ်ငန်း ဆောင်ရွက် နေသည့် ရိုမန်ကက်သလစ်အသင်း တော်၏
လုပ်ငန်းဟူ၍ အသီးသီး ရပ်တည်နေခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ်သည် အရှေ့ပိုင်းရှမ်းပြည် အနာကြီး သာသနာလုပ်ငန်း
နှင့် မော်လမြိုင် ခရစ်ယာန်အထူး အရေပြား ဆေးရုံတို့ကို ကူညီစောင့်ရှောက်နေခဲ့ရာမှ ပိုမိုကျယ်ပြန့်
သော ထိရောက်သည့်လုပ်ငန်းတစ်ရပ်အဖြစ် ဖြစ်ပေါ်လာစေရန် နှစ်ခြင်း၊ မက်သဒစ်နှင့် ရိုမန်ကက်
သလစ် စသည်ဖြင့် မြန်မာနိုင်ငံအနှံ့၌ လုပ်ဆောင်နေကြသည်များကို ပေါင်းစည်း၍ အဖွဲ့အစည်း
များနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် လွယ်ကူအဆင်ပြေစေရန် ရည်ရွယ်၍ အဆိုပါ အဖွဲ့ကို
စတင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မော်လမြိုင်ခရစ်ယာန် အထူးအရေပြားဆေးရုံ၊ အရှေ့ပိုင်းရှမ်းပြည် (တာချီလိတ်)
အနာကြီး သာသနာလုပ်ငန်း၊ မက်သဒဒ်အသင်း တော် (အထက်မြန်မာပြည်) န့ံသာမြိုင် အနာကြီး
သာသနာလုပ်ငန်း၊ ကျိုင်းတုံ (နောင်ကန်) အနာကြီးရိပ်သာ၊ လွိုင်လင် (ဟိုခိုက်) အနာကြီးရိပ်သာ၊
သရက် စိန်ထရေဇား အနာကြီးရိပ်သာ၊ မရမ်းချောင်း နှစ်ခြင်း အနာကြီးရောဂါ သာသနာလုပ်ငန်း၊
မင်းဘူး ၊ ပုသိမ်နှင့် လက်ပံတန်း အနာကြီးရောဂါ သာသနာ လုပ်ငန်းများ ပါ၀င်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး