လူရွှင်တော်နှုတ်ခမ်းမွေးပါပါလေး သင်္ကြန်၌ ကိုယ့်သဘောနှင့်ကိုယ် သံချပ်လှည့်မည်

လူရွှင်တော်နှုတ်ခမ်းမွေးပါပါလေး သင်္ကြန်၌ ကိုယ့်သဘောနှင့်ကိုယ် သံချပ်လှည့်မည်

မန္တလေးမြို့မှ တရားဝင်ပွဲကခွင့် မရသေးသော လူရွှင်တော်နှုတ်ခမ်းမွေး ပါပါလေး မှာ ယခုနှစ်
သင်္ကြန်ကာလ၌ ၎င်းသဘော ဆန္ဒအလျောက် မြို့တွင်း၌ သံချပ် လှည့်လည်ထိုးသွားရန် အစီအစဉ်
ရှိကြောင်း သိရသည်။

ယမန်နှစ် သင်္ကြန်တွင်း၌ မန္တလေးမြို့ တွင် 'တော်ရိလျော်ရိ' သံချပ်အဖွဲ့နှင့် လူရွှင်တော်နှုတ်ခမ်းမွေး
ပါပါလေးအဖွဲ့ ၏ 'ခွပ်လိုက်ကြစို့သူငယ်ချင်း' သံချပ် အဖွဲ့တို့ လှည့်လည်ခဲ့ကြကာ ယခုနှစ် သင်္ကြန်
တွင်လည်း ပါပါလေးက ၎င်းတို့ အဖွဲ့မှာ ထိုသို့ ဆက်လက်လှည့်လည် သံချပ်ထိုးရန် စိတ်ကူးထား
ကြောင်း ၎င်းကပြောသည်။

"စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစတဲ့ နယ်ပယ်စုံမှာတွေ့ရတဲ့ အဆီအငေါ် မတည့်တာလေးတွေကို
သံချပ်တိုင်ပါမယ်။ ပါ၀င်မယ့်သူတွေကို အနုပညာ ကြေးထောက်ပံ့ရမှာ၊ ကားဖိုး ဆီဖိုးတွေ ကုန်ကျ
ရမှာတွေကြောင့် ကိုယ်တစ်ယောက်တည်းအားနဲ့တော့ မဖြစ်ဘဲ ၀ိုင်းဝန်းပံ့ပိုးမယ့်သူတွေလိုပါတယ်။
မနှစ်ကလည်း ၀ိုင်းဝန်းပံ့ပိုးခဲ့ကြတာ အားရမိပါတယ်။ ဒီနှစ်မှာလည်း တတ် နိုင်ရင် ညပိုင်းကိုလည်း
တစ်ရက်လောက်လှည့်ချင်တယ်"ဟု ပါပါလေးက ယခုလ ၁၁ ရက်တွင် ပြောသည်။

၎င်းတို့အဖွဲ့မှာ မြို့လူထုကို သင်္ကြန် အပျော်နှိုးဆွပေးနိုင်ရန် အကြိုနေ့ မတိုင်မီတစ်ရက်အလိုတွင်
စတင်လှည့် လည်မည်ဖြစ်ကြောင်းနှင့် သင်္ကြန်၊ ယိမ်း အက၊ စည်တိုသံနှင့် သံချပ်တို့မှာ သင်္ကြန်
ပွဲတော်၏ အနှစ်သာရဖြစ်ကြောင်း ၎င်းကပြောသည်။

"ကျွန်တော် ကိုယ့်သဘောနဲ့ကိုယ် ဒီနှစ်မှာ သံချပ်ထိုးပါမယ်။ ခေါင်းစဉ် တော့ မရွေးရသေးပါဘူး။
မနှစ်က သံချပ်ထွက်တော့ လူကြီးတချို့က ပြောင်မှာ လှောင်မှာ စိုးရိမ်စိတ်ရှိကြပေမယ့် သံချပ်အဖွဲ့
ကားကို ရှေ့ပြေးလိုက်တဲ့ ကလေးတွေကတော့ မကြောက်ဘဲ ပျော်နေကြတာ၊ သင်္ကြန်ရဲ့ ဒီလို
သံချပ် ထိုးတဲ့အရသာကို အခုမှ ပြန်ခံစားကြရတာကိုး"ဟု ပါပါလေးက ဖြည့်စွက်ပြောသည်။

ယခုနှစ်သင်္ကြန်၌ ၎င်းတို့အဖွဲ့အပြင် သံချပ်အဖွဲ့များမှာ ယမန်နှစ်ထက် ပိုမိုတိုးလာဖွယ်ရှိကြောင်း
လည်း ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး