အာဆီယံရေကြောင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့

အာဆီယံရေကြောင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့

(၂၅) ကြိမ်မြောက် အာဆီယံ ရေကြောင်းဆိုင်ရာဆွေးနွေးပွဲ 25 th ASEAN Maritime Transport
Working Group - MTWG ကို မန္တလေးမြို့တွင် မတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပ
ရာ ဖွင့်ပွဲအခမ်းအနားကို မန္တလေးမြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားတို့မှ ဥက္ကဋ္ဌနှင့် ဒုက္ကဋ္ဌအဖြစ် အသီးသီးတာဝန်ယူထားကြသော
အဆိုပါဆွေးနွေးပွဲတွင် အာဆီယံဒေသ၌ ပေါင်းစည်းသော ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေကြောင်း
ပို့ဆောင်ရေးလုပ်ငန်းများ ဖြစ်ထွန်းလာ နိုင်စေရေးအတွက် သက်ဆိုင်ရာ ခေါင်းစဉ်အလိုက်
သတ်မှတ်ထားသည့် တာဝန်ကျနိုင်ငံ ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ အကြောင်းအရာများတွင် ASEAN Single Shipping Market တစ်ခုပေါ်ပေါက်လာစေရန်၊
သင်္ဘော ဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အတွက် နိုင်ငံတော်က ငွေကြေး ထောက်ပံ့ပေးနိုင်
ရေး၊ ဆိပ်ကမ်းများ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင် ပြီး ဆိပ်ကမ်းအခွန်အခများ ညှိနှိုင်း
ဆောင်ရွက်နိုင်ရေး၊ အာဆီယံဒေသတွင်း တစ်ခုတည်းသော Seafarers Labour Market ဖြစ်ပေါ်
လာနိုင်စေရေး တို့ပါ၀င်မည်ဖြစ်သည်။

ထို့ပြင် ဆိပ်ကမ်းလုပ်ငန်းများအတွက် ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ
အတွက် အထောက်အကူပြုနိုင်ရေး၊ ဆိပ်ကမ်းဆိုင်ရာ စာရွက်စာတမ်းများကိစ္စတွင် ရိုးရှင်းပြီး
တစ်ပြေးညီပုံစံ ဖြစ်လာနိုင်စေရေး၊ ခရီးသည်နှင့် မောင်းတက်မောင်းဆင်း မော်တော်ယာဉ်တင်
သင်္ဘောများ ၀င်ထွက်သွားလာနိုင်စေရေး၊ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်၏ သတ်မှတ်
ချက်များနှင့်အညီ အာဆီယံ ဒေသတွင်း ကမ်းရိုးတန်းသွားသင်္ဘောများအတွက် နယ်မြေသတ်မှတ်
ခြင်း၊ ရေကြောင်းပညာရပ်ဆိုင်ရာ သင်တန်းဖွင့်လှစ်ခြင်း၊ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်း
ဆိုင်ရာကိစ္စများ၊ အရေးပေါ်ရေကြောင်းဘက်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ တိုးတက်ကောင်း
မွန်လာစေရန် စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

"ကိုယ့်နိုင်ငံတစ်ခုတည်း လုပ်လို့မရဘူး။ တာဝန်ယူနိုင်တဲ့ Topic တစ်ခုကို ကိုယ့်နိုင်ငံက ပြင်ဆင်
ရတာ။ ခွဲခွဲပြီး တာဝန်ယူထားတာ။ နည်းပညာ အဓိက ပေါ့။ ရပြီဆိုမှဝန်ကြီးအဆင့် အစည်းအဝေး
မှာ တင်ပြဖို့စဉ်းစားတယ်။ ဒီဟာက အခြေခံကျတယ်။ ဗီယက်နမ်က Martime Total Develop-
ment ကို တာဝန်ယူရေးဆွဲရတယ်။ မလေးရှား ဆိုရင် ASEAN Shipping Market ကို တာဝန်ယူ
ရတယ်။ ဒါက တောက် လျှောက်ဆက်သွားတယ်။ လုပ်တယ်။ မကြိုက်လို့ ပြန်ဆက်လုပ်တယ်။
ဒါပေမဲ့ အချိန်သတ်မှတ်ချက်တော့ ရှိတာပေါ့။ ဘယ်အချိန် ပြီးသွားရမယ်ဆိုတာမျိုး သတ်မှတ်ချက်
ရှိတယ်။ ၂၀၁၀ စတဲ့ တချို့ ဟာတွေက ပြီးသွားပြီ"ဟု ရေကြောင်း ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး
ဦးကိုကိုနိုင် က ဆိုသည်။

ထိုသို့သောဆွေးနွေးပွဲကြောင့် အီးယူကဲ့သို့ အာဆီယံအသိုက်အဝန်းအတွင်း တစ်ခုတည်းသော
Shipping Market ဖြစ်ပေါ်လာသည့်အတွက် နိုင်ငံအချင်းချင်း အလွန်အမင်းကွာဟမှုမျိုး မဖြစ်
နိုင်စေရန် ချိန်ညှိပေးသည့် အခွင့်အလမ်း၊ နိုင်ငံအသီးသီး၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို
အချင်းချင်းဆွေးနွေး ညှိနှိုင်းကြသဖြင့် နားလည်မှုပိုမိုရလာနိုင်ခြင်း၊ ဆိပ်ကမ်းဆိုင်ရာ သတင်းအချက်
အလက်များ၊ ပုံစံတစ်သမတ်တည်း စံပြု ထားရှိနိုင်သဖြင့် လုပ်ငန်းပိုမိုအဆင်ပြေ ချောမွေ့လွယ်ကူ
လာနိုင်စေခြင်း၊ အဆင့် မြင့်နည်းပညာများ ဖလှယ်နိုင်သဖြင့် သင်္ဘောနှင့် ရေကြောင်းဘက်ဆိုင်ရာ
နည်းပညာများရရှိလာနိုင်ခြင်း၊ နိုင်ငံအသီးသီးမှ တွေ့ကြံုနိုင်သည့် အခက်အခဲများကို ကြိုတင်
ညှိနှိုင်းဆွေးနွေးနိုင်သဖြင့် လုပ်ငန်းများပိုမိုချောမွေ့စွာ အကောင်အထည် ဖော်နိုင်စေခြင်း စသည့်
အခွင့်အလမ်းများ ရရှိနိုင်သည်ဟုဆိုသည်။

"နိုင်ငံတွေအလိုက် အာဆီယံနိုင်ငံက ဖြစ်ဖြစ်၊ တခြားနိုင်ငံကဖြစ်ဖြစ် သင်္ဘော တွေလာတဲ့အခါမှာ
အဓိက Shipping နဲ့ ဆိုင်တဲ့ အဲဒီအင်ဖိုမေးရှင်းတွေကို အီလက်ထရွန်းနစ် စစ်စတန် ပြောင်းပေး
တယ်ဆိုတာကိုဆွေးနွေးတယ်။ မြန်မာ နိုင်ငံက အာဆီယံမှာ ဘယ်လိုပုံစံမျိုး အကောင်အထည်
ဖော်မယ်ဆိုတာ ဦးဆောင်ပြီး ဆွေးနွေးပေးဖို့ရှိတယ်။ Concept Paper စာတမ်းတင်မှာပေါ့။
မြန်မာနိုင်ငံ သုံးကြိမ်အထိကို အဆင့်ဆင့်တင်ပြတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲ မှာ ဂျပန်က
၀ပ်ရှော့လုပ်တယ်။ ဆီမီနာ လုပ်တယ်။ နှစ်ရက်လုပ်တယ်။ ပထမနေ့ မှာ မြန်မာနိုင်ငံလူအများစုလာ
ပြီး တက်တယ်။ တခြားနိုင်ငံတွေဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား သုံးနိုင်ငံကို
ဖိတ်ပါတယ်။ ဂျပန်က စီစဉ်ပေးတာပေါ့။ အမှန်ပြောရမယ်ဆိုရင် Electronic Transmission
Information System မှာ နောက်ကျနေတဲ့ နိုင်ငံတွေပေါ့။ Technology Group မှာ လက်ရှိ
မြန်မာနိုင်ငံရဲ့အခြေအနေ၊ ရှေ့ဆက်သွားတဲ့အခါ တွေ့ကြံုနိုင်တဲ့ အနေအထား၊ ပြောင်းလဲပြီး
လုပ်ဆောင် နိုင်တဲ့အကြောင်းအရာ ဥပဒေရေးရာ လည်းပါတယ် စသဖြင့်ပေါ့လေ။ ဘယ် စနစ်တွေ
လုပ်ပြီးပြီ။ နောက်ထပ်ဘာတွေ ဖြည့်ဆည်းပြီးပြီလဲ။ နိုင်ငံအလိုက် ဆွေးနွေးကြတယ်။ အဲဒါနဲ့
သူတို့က ကမ်းလှမ်း။ ၂၀၁၄ မှာ အပြီးလုပ်ပေးရမယ့် ကာလသတ်မှတ်ထားတယ်။ ဂျပန် နိုင်ငံ က
နည်းပညာအကူအညီရတယ်။ အဲဒီ ကထွက်လာတဲ့ရလဒ်ကို အခု အစည်းအဝေးမှာ တင်မှာပါ"ဟု
ဒုတိယညွှန်ကြားရေးမှူး ဦးသက်ထွေးက ပြောသည်။

အဆိုပါဆွေးနွေးပွဲသို့ အာဆီယံ ၁၀ နိုင်ငံ တက်ရောက်ခဲ့ပြီး ဂျပန်၊ ကိုရီးယား၊ အိန္ဒိယတို့ကလည်း
မိတ်ဖက် ဆွေးနွေး ဖက်နိုင်ငံအဖြစ် တက်ရောက်ခဲ့ပြီး အဓိကအားဖြင့် နည်းပညာအကူအညီ
ပေးသော နိုင်ငံများဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး