ခင်မင်ရပါသော မန္တလေးသူ မန္တလေးသားများ

ခင်မင်ရပါသော မန္တလေးသူ မန္တလေးသားများ

လူတစ်ဦးကို တစ်လတစ်ထောင်နှုန်း စုပြီး လစဉ်ရရှိငွေတွေကို အမှန် တစ်ကယ်လိုအပ်နေတဲ့
နေရာတွေမှာ သွားရောက်လှူဒါန်းခြင်းတွေကစပြီး ပရဟိတလုပ်ငန်းတွေကို ရသမျှအချိန် တွေမှာ
လုပ်ဆောင်နေသူတစ်ဦးက တော့ မန္တလေးသား ကိုဝမ်းလို့ လူသိ များနေတဲ့ ကိုနေမျိုးမောင်မောင်
(ခ) ကိုဝမ်း ဖြစ်ပါတယ်။

One to one နာမည်နဲ့ လူမှုကူညီ ရေးလုပ်ငန်းတွေကို ၂၀၁၂ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ရာက
ကိုဝမ်းလို့ ခေါ်ခဲ့ကြတာကြောင့် အခုအချိန်မှာ အမည်အရင်းထက် ပရဟိတလုပ်ငန်းလုပ်ကိုင်ရင်း
ရရှိခဲ့တဲ့ ကိုဝမ်း အမည်ကိုသာ မိတ်ဆွေတွေက တွင်တွင်ခေါ်နေကြပါတယ်။

သူ့ကို ဖခင်ဦးညွန့်မောင်၊ မိခင်ဒေါ်ခင်သိန်းဝင်းတို့က ၁၉၇၃ ခုနှစ် မန္တလေးမြို့မှာ မွေးဖွားခဲ့ပြီး
မူလတန်းမှ တက္ကသိုလ်ဝင်တန်းအထိ မန္တလေးမြို့ အမှတ် (၁၁) အခြေခံပညာအထက်တန်း
ကျောင်းမှာ ပညာသင်ကြားခဲ့ပြီး၊ ရတနာပုံတက္ကသိုလ်မှာ သမိုင်းဘာသာရပ် အဓိကနဲ့ အဝေး
သင်တက်ရောက်ပြီး ဘွဲ့ရရှိခဲ့သူပါ။ သီချင်းဆိုရတာ ၀ါသနာပါခဲ့ပေမယ့် လက်ရှိစားဝတ်နေ
ရေးအတွက် ဆေးကုမ္ပဏီတစ်ခု မှာ အရောင်းမြှင့်တင်ရေး မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်
နေရင်း ရုံးပိတ်ရက်တွေနဲ့ အားလပ်တဲ့အချိန်တွေမှာ ပရဟိတအလုပ်တွေကို တတ်နိုင်သလောက်
လုပ်ဆောင်နေတယ်လို့ သူကပြောပါတယ်။

"၂၀၁၂ ခုနှစ်မှာ တစ်ယောက်တစ်ထောင်နှုန်းစုပြီး လှူခဲ့တဲ့အချိန်ကစလို့ ၀မ်းသာပီတိ တွေနဲ့
လုပ်ခဲ့ရတာ။ အခုဆိုရင် ကိုယ်တတ်နိုင်သလောက်ငွေကြေးနဲ့ လှူနေတဲ့အပြင် အခြားမိတ်ဆွေ
တွေရဲ့ လှူဒါန်းမှုတွေအတွက် ကူညီပေးနေရတာကလည်း ကိုယ်ရဲ့ အလှူ တစ်ခုလိုပဲ သဘော
ထားပြီးကူညီတယ်။ အမှန်တကယ်အကူအညီ လိုအပ်နေတဲ့သူတွေကိုတွေ့ရင် အွန်လိုင်းမှာ
တင်ပေးလိုက်တယ်။ အဲသလိုတင်ပေးလိုက်တဲ့အတွက် လှူချင်တဲ့သူတွေအတွက်ရော အမှန်
တစ်ကယ် အကူအညီလိုအပ်နေတဲ့ သူအတွက်ရော အကျိုးရှိပြီး အဆင်ပြေသွားကြတယ်" လို့
ကိုဝမ်းက ပြောပါတယ်။

သူ့ရဲ့ ပရဟိတလုပ်ငန်းတွေအတွက် အွန်လိုင်းဆက်သွယ်ရေးကိုသာ အဓိကအားကိုး လုပ်ကိုင်
နေရကြောင်းနဲ့ နွမ်းပါးလူနာကူညီရေး၊ ကင်ဆာကလေးငယ်များကူညီရေး၊ လူလူချင်းစာနာ ပံ့သ
ကူအလှူ၊ ကျောက်ကပ်ချင်းစာနာမှုအလှူ၊ ပန်းပျိုးသူများစာသင်ဝိုင်း အစရှိတဲ့ ကူညီရေးအမည်တွေ
နဲ့ အွန်လိုင်းစာမျက်နှာတွေဖွင့်ထားပြီး လိုအပ်နေသူတွေကို ကူညီပေးနေကြောင်း ကိုဝမ်းက ဆို
ပါတယ်။

"နွမ်းပါးလူနာတွေအတွက်ဆိုရင် ဆေးရုံတွေနဲ့ ချိတ်ဆက်စာရင်းတောင်းပြီး ကူညီပေးတယ်။
လှူဒါန်းတဲ့အလှူရှင်တွေကလည်း အွန်လိုင်းကနေ လှူကြတယ်။ လှူမယ့်သူတွေအတွက် အလှူငွေ
တွေကို အိမ်အရောက်သွားပြီး လှူဒါန်းပေးတယ်။ နယ်အဝေးကဆိုရင် ဘဏ်ကနေ ငွေလွှဲတာတွေ
ကို ၀န်ဆောင်မှုတွေနဲ့ ကူညီပေးတယ်။ လှူပြီးသွားရင်လည်း မှတ်တမ်းနဲ့တကွ အွန်လိုင်းကိုတင်ပေး
တယ်" လို့ ကိုဝမ်းကပြောပါတယ်။ လူလူချင်းစာနာမှုပံ့သကူအလှူအတွက် အလုပ်အကိုင်နဲ့ အခြား
မြို့နယ်နေရာဒေသတွေ မှာ အသက်အရွယ်ကြီးပြီး ၀မ်းစာအတွက်လုပ်ကိုင်နေရတဲ့ အဘိုးအဘွား
တွေကို တစ်ဦး တစ်သောင်းနှုန်း လှူဒါန်းမှုတွေကိုလည်း ပြုလုပ်ပေးနေကြောင်း၊ အဲသလိုအလှူတွေ
အတွက် သီးသန့်အလှူငွေတွေနဲ့ အလှူရှင်တွေလည်းရှိကြောင်း ၎င်းကပြောပါတယ်။

"ကင်ဆာကလေးငယ်တွေ ကူညီရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သွေးနဲ့ ကင်ဆာဌာန
က ကလေးတွေအတွက်သွားပြီး လှူဒါန်းတယ်။ ဒီလ ၅ ရက်နေ့ကဆိုရင် အလှူငွေရှစ်သိန်းကို
အမှန်တကယ် အကူအညီလိုအပ်နေတဲ့ ကလေးငယ် ၁၅ ဦးကို တစ်ဦးငါးသောင်းနှုန်းနဲ့ လှူဒါန်း
နိုင်ခဲ့တယ်။ အခုလို လှူနိုင်တာ ပြည်တွင်း၊ ပြည်ပက အလှူငွေတွေထည့်ဝင်နေကြတာကို ကိုယ့်ရဲ့
လုပ်အားဒါနလေးနဲ့ ပူးပေါင်းပြီး တတ်နိုင်သလောက် ကူညီပေးနေရတာပါ" လို့ ကိုဝမ်းက ပြောပါ
တယ်။ ကျောက်ကပ်ချင်းစာနာမှုအလှူအတွက် မန္တလေးမြို့ မန္တလာဆေးရုံနဲ့ ချိတ်ဆက်ထားပြီး နွမ်း
ပါးလူနာတွေအတွက် ရရှိထားတဲ့အလှူငွေတွေနဲ့ ကျောက်ကပ်ဆေးခြင်း ကျန်းမာရေး ပံ့ပိုးကူညီလုပ်
ဆောင်နေတယ်လို့ သူကပြောပါတယ်။ ပရဟိတလုပ်ငန်းအလှူတွေအတွက် သူ့အဖွဲ့အစည်းသီး
သန့်လုပ်ဆောင်တာမျိုးမဟုတ် ဘဲ၊ အခြားအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်
နေပါတယ်လို့ သူက ဆိုပါတယ်။ ကလေးငယ် ၅၃ ဦးရဲ့ ဘဝရှေ့ရေး တိုးတက်စေဖို့ ပညာဒါန
အဖြစ် ပန်းပျိုးသူများ စာသင်ဝိုင်းအမည်နဲ့ ပညာရေးပရဟိတတွေကိုလည်း ကိုဝမ်းက ပံ့ပိုးကူညီပေး
နေသူပါ။

"ညနေခင်းမှာ ပန်းရောင်းတဲ့ကလေးတွေကိုစုပေါင်းပြီး ပညာရေးလေ့ကျင့်မှုတွေကို လုပ်ပေးတယ်။
နေ့ခင်းကျောင်းမှာ သင်လိုက်တဲ့စာတွေကို လေ့ကျင့်ခန်းတွေအဖြစ် လုပ်ပေး တယ်။ ကျောင်းစာ
မသင်ချင်တော့တဲ့ ကလေးတွေကို လက်မှုပညာသင်လို့ရမယ့်နေရာတွေ မှာ အပ်နှံကူညီပေးတယ်"
လို့ ကိုဝမ်းကပြောပါတယ်။ ပရဟိတအလုပ်တစ်ခုလုပ်တိုင်း ပီတိတွေဖြစ်တာက နောက်ထပ် ပရ
ဟိတတွေထပ်လုပ် ဖို့ စိတ်ဓာတ်တွန်းအားတွေတိုးလာတယ်လို့ ကိုဝမ်းကပြောပါတယ်။ ကိုဝမ်းက
အခုဆိုရင် အသက် ၄၁ နှစ်အရွယ် ရောက်ရှိသည့်တိုင် လူပျိုကြီးတစ်ကိုယ်တည်းဘဝနဲ့ ပရဟိတ
အလုပ်တွေကို အားကြိုးမာန်တက်လုပ်နေဆဲပါပဲ။ အသက်အရွယ်ရ လာတာနဲ့အမျှ အိမ်ထောင်ပြု
ရမည်ကို စဉ်းစားလိုက်တိုင်း ပရဟိတအလုပ်တွေလုပ်ဖို့ အတွက် အချိန်လျော့နည်းသွားမည်ကို
စိုးရိမ်စိတ်တွေဖြစ်နေရတယ်လို့ ကိုဝမ်းက ပြောပါတယ်။