ခင်မင်ရပါသော မန္တလေးသူ မန္တလေးသားများ

ခင်မင်ရပါသော မန္တလေးသူ မန္တလေးသားများ

မန္တလေးသား ဦးအောင်မင်းဦးနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ကိုယ်ပိုင်အမြင် တစ်ခုကို ပြောပါဆိုရင်
ကျွန်တော်က တော့ သူဟာ 'ခင်မင်စရာကောင်း တဲ့သူ' ဆိုတာကိုပဲ အရင်ဆုံး ပြောချင် မိပါတယ်။

ဆိုင်းတန်း ထိန်ကုန်းရပ်မှာ မွေးဖွား ခဲ့တဲ့ ဦးအောင်မင်းဦးဟာ အခုအခါ အသက် ၄၂ နှစ်ရှိပြီဖြစ်ပြီး
မန္တလေး နေ့စဉ်သတင်းစာရဲ့ သတင်းထောက် ချုပ်လည်း ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ် က အဲဒီသတင်းစာမှာ ယာယီ သတင်းထောက်အဖြစ် စဝင်ခဲ့တဲ့နောက်၊ ၂၀၀၁ မှာ
အငယ်တန်းသတင်းထောက်၊ ၂၀၀၅ မှာ အကြီးတန်းသတင်းထောက် စသဖြင့် သတင်းစာလောက
မှာ အဆင့်ဆင့်ဖြတ်သန်းခဲ့တဲ့သူ့ရဲ့ အပေါင်းအသင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ တခြား
ထူးခြားချက်တွေကတော့ညိုမောင်းတဲ့အသားအရေ၊ ကူညီရိုင်းပင်းတတ်မှုနဲ့ ခင်မင်လို့ စကြနောက်
ကြတဲ့အပေါ်မှာ တော်ရုံနဲ့စိတ်မဆိုးဘဲ သည်းခံတတ်တာလို့ ဆိုနိုင်ပါတယ်။

"ကျွန်တော်သတင်းထောက်စဖြစ်တဲ့ခေတ်က သတင်းထောက်ရှားပါတယ်။ မန္တလေးမှာ စက်ဘီးနဲ့
သတင်းလိုက်ယူတဲ့ခေတ်ပေါ့။ အခုတော့ သတင်းသမားအစစ်တွေအပြင် ဒီအလုပ် ကို တစ်စိုက်
မတ်မတ်လုပ်ချင်လို့မဟုတ်ဘဲ လက်တည့်ဝင်စမ်းချင်တဲ့သူတွေလည်းရှိသလို တကယ့်သတင်း
သမားအစစ်မဟုတ်ဘဲ ှုည်သမာနမ (သတင်းပေး) တွေပါ ပါလာတယ်"လို့ သူက မန္တလေးမြို့က
သတင်းထောက်လောကရဲ့ လက်ရှိပုံရိပ်တချို့ကို ပြောပြပါတယ်။

"ဖလင်ကင်မရာနဲ့ သတင်းထောက်လုပ်ရတဲ့ခေတ်ကို လွမ်းတယ်"လို့ သူကပြောပြီး သူတို့သတင်း
စာနဲ့ပတ်သက်ရင်တော့ မြို့နယ်သတင်းထောက်တွေကို စနစ်တကျနဲ့ သေသေ ချာချာ ပြန်ဖွဲ့စည်း
သွားဖို့ရှိတယ်လို့ ပြောပါတယ်။ မန္တလေးမြို့နဲ့ ပတ်သက်ပြီး အရင်ကမန္တလေးမြို့ရဲ့ လွမ်းစရာကောင်း
တဲ့ပုံရိပ်တွေဟာ သူ့ အတွေးပုံရိပ်ထဲမှာ အစိုင်အခဲနဲ့ နေရာယူထားပုံရပါတယ်။

"အရင်က မန္တလေးရဲ့အလေ့အထ တွေက တကယ်ကိုကောင်းခဲ့တယ်"တဲ့။ "မြို့မှာ အရင်က
ရပ်ကွက်များဘုရားပွဲတော်အစီအစဉ်တွေဆိုရင် သတင်းစာထဲမှာ တောင် ထည့်ဖော်ပြရတာ
မျိုးရှိတယ်။ မန္တလေးကျုံးထဲက မန်းသီတာဥယျာဉ်၊ လဟာပြင် တို့ဆိုရင်လည်း မြို့သူမြို့သားတွေ
အတွက် တကယ့်အပန်းဖြေစရာ နေရာကောင်းတွေပါ။ ဗလာဇာတ်ရုံတွေလည်းရှိခဲ့တယ်"လို့
ဆိုပါတယ်။

နန်းဆန်ခဲ့တဲ့မန္တလေးဟာ ကိုရီးယားယဉ်ကျေးမှုလှိုင်းကိုလည်း မကျော်နိုင်ဘူးလို့ ပြော ပါတယ်။
ဒါ့ပြင် တရုတ်နိုင်ငံရဲ့ ၀င်ပေါက်ထွက်ပေါက်လိုလည်းဖြစ်နေပြီး ယဉ်ကျေးမှု ကူးစက်တာလည်း
များတယ်လို့ ပြောပါတယ်။ သူမြင်တွေ့ချင်တဲ့ မန္တလေးမြို့ရဲ့ ပုံစံတစ်ခုကိုတော့ "ကျုံးပတ်ပတ်
လည်မှာရှိနေတဲ့ မြို့ရိုး တံတိုင်းကြီးက အရှည်ကြီး၊ ဧရိယာက အကျယ်ကြီးပါ။ ဒီကျုံးပတ်လည်မှာ
ရှေးမူနန်းဟန် မင်းညီမင်းသားဝတ်စုံတွေနဲ့ မြန်မာ့ဓလေ့ အလုပ်လုပ်နေကြတာ၊ မြင်းတွေနဲ့ သွား
လာနေကြ တာမျိုး ကမ္ဘာလှည့်ခရီးသွားတွေအတွက် လုပ်ပြရင်ပဲ ၀င်ငွေအများကြီးရနိုင်ပါတယ်။
နန်းတွင်းဧရိယာထဲမှာ မလုပ်နဲ့ဦး၊ အပြင်မှာလုပ်ရင်ကို ရပါတယ်။ မြန်မာ့အနုပညာနဲ့ ပတ်သက်တဲ့
ပစ္စည်းတွေလည်း ပြရင်းပေါ့"လို့ ဆိုပါတယ်။

နောက်ထပ် ဆက်ပြောတာက "မန္တလေးမှာကျန်နေတဲ့ အောင်ပင်လယ်ကွင်းလိုနေရာမျိုး ကို
လူမျိုးခြားတွေလက်ထဲ ရောက်မှာကို စိုးရိမ်တယ်။ ဒီလိုနေရာကို တစ်ချိန်မှာ ဘာလုပ် မလဲဆိုပြီး
တွေးမိတယ်။ မန္တလေးမှာ မြေလွတ်မြေရိုင်းမရှိတော့ဘူး"တဲ့။