ခင်မင်ရပါသော မန္တလေးသူ မန္တလေးသားများ

ခင်မင်ရပါသော မန္တလေးသူ မန္တလေးသားများ

ခရီးသွား ဧည့်လမ်းညွှန်အလုပ်ကို လုပ်ကိုင်ရင်း မန္တလေးမြို့ကြီးကို ပိုပြီး ချစ်လာတယ်လို့ ဆိုလာ
သူကတော့ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌဦးရဲမြတ်ထွန်းပဲ ဖြစ်ပါတယ်။
သူ့ကို မိတ္ထီလာမြို့မှာ ၁၉၇၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မွေးဖွားခဲ့ ပေမယ့် ငယ်စဉ်
ကတည်းက မန္တလေး မြို့နဲ့ မိတ္ထီလာမြို့ကို ကူးချီသန်းချီပြုခဲ့ပါတယ်။

"မန္တလေးမြို့ ထီးလင်းတိုက်က အလယ်တိုက်ကြီးမှာ ဘကြီးဘုန်းကြီးရှိတယ်။ သူ့ဆီမှာနေလိုက်
မိတ္ထီလာပြန်လိုက်လုပ်ခဲ့ပါတယ်" ဟု ဦးရဲမြတ် ထွန်းက ပြောပါတယ်။ မိတ္ထီလာမြို့ အမှတ်(၁)
အထက်တန်းကျောင်းမှာပဲ ဆယ်တန်းအောင်မြင်ခဲ့ပြီး မန္တလေး တက္ကသိုလ်ကို ၁၉၈၇ ခုနှစ်မှာ
တက်ရောက်ခဲ့ပါတယ်။ တက္ကသိုလ်မှာ နိုင်ငံတကာ ဆက်ဆံ ရေး ဘာသာရပ်ကို အထူးပြုလေ့
လာခဲ့တယ်လို့ သူကဆိုပါတယ်။

"ကျွန်တော်တို့တက္ကသိုလ်တုန်းက ကျောင်းသားတွေက အစိုးရပေးတဲ့ အဆောင်နေခွင့်ရ တယ်။
မန္တလေးတက္ကသိုလ်ကြီးရဲ့ အငွေ့အသက်အပြည့်ရှိတယ်။ ဆိုရှယ်လစ်စနစ် အောက်မှာနေခဲ့ရပေ
မယ့် အခုပြန်မရနိုင်တော့တဲ့ အရသာတွေရှိခဲ့တယ်" လို့ သူက သူ့ရဲ့ တက္ကသိုလ်ကျောင်းသား
ဘဝကို လွမ်းလွမ်းဆွေးဆွေး ပြောပါတယ်။ သူတက္ကသိုလ်တက်တုန်းက နေရပ်လိပ်စာက မန္တ
လေးလိပ်စာဖြစ်နေတော့ အဆောင် နေခွင့်မရပေမယ့် သူငယ်ချင်းတွေရဲ့အဆောင်မှာ လိုက်နေ
ခဲ့တယ်။ အဆောင်မှာ ဒေသ အသီးသီးက တိုင်းရင်းသားပေါင်းစုံရှိပြီး ချစ်ခင်ဖို့ကောင်းတယ်၊
ပျော်ဖို့လည်း ကောင်းခဲ့ ပါတယ်လို့သူက ပြောပါတယ်။

ဦးရဲမြတ်ထွန်းရဲ့တက္ကသိုလ်ပညာရေးဟာနိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် သက်တမ်းရှည် ခဲ့ရတယ်။
၁၉၈၇ ၈၈ ခုနှစ်ကနေ စတင်ခဲ့တဲ့ တက္ကသိုလ် ကျောင်းသားဘဝဟာ ၁၉၉၄ ခုနှစ်ရောက်မှပဲ အဆုံး
သတ်ခဲ့တယ်။ ကျောင်းပြီးသွားတော့လည်း အလုပ်အကိုင်မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။

"နိုင်ငံတကာဆက်ဆံရေးကိုဖွင့်ရတဲ့ရည်ရွယ်ချက်က သံရုံးတွေမှာ တတိယအတွင်းဝန် အဆင့်နဲ့
ခန့်ဖို့ပါ။ ကျွန်တော်တို့တက်တုန်းက နိုင်ငံတကာဆက်ဆံရေးနဲ့ ဘွဲ့ရတဲ့သူတောင် မရှိသေးဘူး"လို့
သူက ပြောပါတယ်။ "အဲဒီတုန်းက နိုင်ငံတကာဆက်ဆံရေးဌာနမှာ ဒေါက်တာခင်မောင်ညွန့်ရှိ
တယ်။ သူက ကျောင်းသားတွေကို နိုင်ငံတကာစံနှုန်းအတိုင်းသင်တာ။ ပထမဆုံးအသုတ်ဆင်းတဲ့
သူတွေ တုန်းက နေရာကောင်းတွေရတယ်။ ကျွန်တော်တို့ကျတော့ အစိုးရပြောင်းသွားပြီဆိုတော့
ဌာနတွေမှာ မိုးကျရွှေကိုယ်တွေ ရောက်လာတယ်"ဟု သူက ပြောပါတယ်။ ဘွဲ့ရပြီး အလုပ်အကိုင်
မရှိသေးသဖြင့် သူငယ်ချင်းတစ်ယောက်နဲ့အတူ ဒေါ်မမနိုင် အင်္ဂလိပ်စကားပြောသင်တန်း တက်
ရောက်ခဲ့တယ်။

စကားပြောသင်တန်းတက်ရောက်ရင်း ဆရာမက သူ့ရဲ့ ရုပ်သေးပြပွဲမှာ ၀င်ကူခိုင်းရာက ခရီးသွား
လုပ်ငန်းနဲ့စပြီး ရင်းနှီးခဲ့တယ်။ သို့သော် ဧည့်လမ်းညွှန်အဖြစ် ချက်ချင်းလုပ်ကိုင်ခဲ့တာ မဟုတ်ဘဲ
ဟိုတယ်လုပ်ငန်းနဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေမှာလည်း ၀င်ရောက်လုပ်ကိုင်ခဲ့ရတယ်။
၁၉၉၇ ခုနှစ်မှာ ရန်ကုန်မြို့မှာရှိတဲ့ ဧည့်လမ်းညွှန်သင်တန်းကျောင်းမှာ ဧည့်လမ်းညွှန်လိုင်စင်
သင်တန်း တက်ရောက်ခဲ့တယ်။

"၁၉၉၇ နောက်ပိုင်းကျမှ တကယ့်ပရော်ဖက်ရှင်နယ် ဧည့်လမ်းညွှန်ဖြစ်လာတာပါ" လို့ သူက
ပြောပါတယ်။ ဦးရဲမြတ်ထွန်းဟာ ၁၉၈၇ ခုနှစ်ကတည်းက မန္တလေးမြို့မှာ အခြေချနေထိုင်လာတဲ့
အတွက် အခုဆိုရင် သူဟာ သူ့ကိုယ်သူ မန္တလေးသားအဖြစ် သတ်မှတ်ထားပါတယ်။
ဧည့်လမ်းညွှန် လုပ်ကိုင်ရင်း မန္တလေးမြို့ကြီးအကြောင်းကို ပိုသိလာလေ မန္တလေးမြို့ကြီးကို ပိုချစ်
လာလေလို့ သူက ပြောပါတယ်။

"မန္တလေးမှာ အခြေမချခင်ကတည်းက မန္တလေးဟာ ကျွန်တော့်ရဲ့ မျှော်လင့်ချက်ပါ။ မြန်မာ မင်းတွေ
နောက်ဆုံးစိုးစံသွားတဲ့ မြို့လည်းဖြစ်တယ်။ ဒီနေ့အချိန်ထိ မင်းငွေ့မင်းသက် တွေကို ခံစားပြီး ပြော
ဆိုနေလို့ရသေးတယ်။ မန္တလေးရဲ့အငွေ့အသက်တွေ တဖြည်းဖြည်း ပျောက်လာပြီဆိုပေမယ့်
တကယ့်ခိုင်မာတဲ့အရာတွေက ခုချိန်ထိကျန်ပါသေးတယ်။မန္တလေး ကို ချစ်သွားစေတဲ့အကြောင်းက
ဧည့်လမ်းညွှန်အလုပ်ပါ" လို့ သူကပြောပါတယ်။