ခင်မင်ရပါသော မန္တလေးသူ မန္တလေးသားများ

ခင်မင်ရပါသော မန္တလေးသူ မန္တလေးသားများ

 ယခင်မန္တလေးနဲ့ပတ်သက်ရင် လွမ်း စရာတွေအများကြီးလို့ ပြောလာသူ ကတော့ ငွေကံ့ကော်
သစ်သီးပွဲရုံက ဦးကိုကိုထွေးပဲဖြစ်ပါတယ်။သူ့ကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေး သာစံ
မြို့နယ်မှာ မွေးဖွားခဲ့ပါတယ်။ မန္တလေးသားစစ်စစ်ကြီးဖြစ်ပြီးတော့ ယနေ့တိုင်မန္တလေးမြို့မှာ
နေထိုင်ဆဲ ဖြစ်ပါတယ်။ မန္တလေးမှာကြီးပြင်းခဲ့တဲ့ အတွက် ယခင်မန္တလေးရဲ့ ယဉ်ကျေးမှု
အစဉ်အလာတွေကို တမ်းတမ်းတတလွမ်းနေသူတစ်ယောက်ပါ။

မန္တလေးမြို့ရဲ့၁၂ ရာသီပွဲတော်တွေကိုလည်း နှစ်ခြိုက်မြတ်နိုးသူဖြစ်ပြီးတော့ တချို့ ပွဲတော်တွေ
ကွယ်ပျောက်သွားတာကိုလည်း တမ်းတမ်းတတဖြစ်နေဆဲပါ။ ၁၂ ရာသီ ပွဲတော်တွေအပြင်
နိုင်ငံတော်ရဲ့အထိမ်းအမှတ်ပွဲတွေဖြစ်တဲ့ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့တွေလို အထိမ်း
အမှတ်ပွဲတော်ကို ရာပြည့်ကွင်းထဲ ကျင်းပပြုလုပ်ပေး တာကို တမ်းတနေသူတစ်ယောက်ပါ။

"အခုတော့ အထိမ်းအမှတ်ပွဲတော်တွေလည်း မကျင်းပတော့ဘူး။ ရာပြည့်ကွင်းကြီး လည်း
မရှိတော့ဘူး။ ၁၂ ရာသီပွဲတော်ဆိုရင် တချို့ပွဲတော်တွေ မကျင်းပတော့ဘူး။ အရင် မန္တလေး
ကိုတော့ အရမ်းလွမ်းတယ်။ ရာပြည့်ကွင်းထဲမှာ ကျင်းပတဲ့ပွဲတော်တွေက အားလုံး ပျော်ရွှင်
စေပြီး တိုင်းရင်းသားအချင်းချင်းလည်းစည်းလုံးမှုတွေ ရစေခဲ့တယ်။ ရာပြည့်ကွင်းလို မျိုး မန္တလေး
မှာပြန်ပြီးဖော်ထုတ်သင့်တယ်" ဟု ဦးကိုကိုထွေးက ပြောပါတယ်။

မန္တလေးမြို့တော်ဟာ ရှေးခေတ်အငွေ့အသက်တစ်ဝက် ခေတ်သစ် အငွေ့အသက်တစ်ဝက်
ရှိနေတဲ့ မြို့တော်ဖြစ်နေသေးကြောင်း၊ တန်ဆောင်မုန်းလမှာ မန္တလေးရဲ့ ယဉ်ကျေးမှု အငွေ့
အသက် ပျောက်ကွယ်သွားမှာကို စိုးရိမ်နေကြောင်း၊ သင်္ကြန်မှာလည်း ရပ်ကွက် တိုင်းကို ပြန်
လည်ပြီး မဏ္ဍပ်တွေနဲ့ စည်ကားအောင်ပြုလုပ်ပေးသင့်ကြောင်း၊ အများပြည်သူ များ အပန်းဖြေ
နိုင်အောင် မန်းသီတာဥယျာဉ်ကို အခမဲ့လုပ်ပေးသင့်ကြောင်းတွေကိုလည်း သူက ပြောခဲ့
ပါတယ်။


 

"အခုဆိုရင် တန်ဆောင်တိုင်မှာ မန္တလေးကလူငယ်တွေသောက်စားပြီးတော့ ပြင်ဦးလွင် တက်
ကြတယ်။ မန္တလေးမှာ မစည်တော့ဘူး။ မခေါ်မုန့်လုံးတို့၊ ပံ့သကူတို့၊ မြောက်ပြင်ဘက် မှာဆိုရင်
မုန့်ပျားသလက်တွေ မကျွေးကြတော့ဘူး။ ယဉ်ကျေးမှုအစဉ်အလာတွေ ပျောက် သွားမှာ
စိုးတယ်။ သင်္ကြန်ဆိုရင်လည်း ကျုံးဘက်မှာပဲ စည်တော့တာ ရပ်ကွက်တွေမှာ မစည်တော့ဘူး"
လို့လည်း ပြောပါသေးတယ်။

ဈေးချိုကမန္တလေးရဲ့ အထင်ကရတစ်ခုဖြစ်ပေမယ့် အခုဈေးချိုဟာ အရင်ဈေးချိုလို မဟုတ်တော့ပဲ
လမ်းတွေလည်း ကျပ်လာပြီး သွားလာရတာ အဆင်မပြေတော့ကြောင်း၊ ကျောက်တော်ကြီးပွဲ၊
ရတနာ့ဂူပွဲတော်တွေကို နွားလှည်းနဲ့ သွားလာရသည်ကို သတိတရ လွမ်းနေရသေးကြောင်း၊
အရင်ကမန္တလေးမြို့တော်ဟာ လူမှုရေးသိတတ်တဲ့ မြို့တော် ဖြစ်ပေမယ့် အခုတော့ ဒေသခံတွေ
နည်းပါးသွားတဲ့အတွက် လူမှုရေးလည်းမရှိတော့ကြောင်း ဦးကိုကိုထွေးက ပြောပါတယ်။
မန္တလေးမြို့ကို ဘူတာကြီးကခံထားတဲ့အတွက် မြို့ကနှစ်ခြမ်းခွဲနေသလိုဖြစ်နေပြီး ဘူတာ
ကြီးကြောင့် သွားလာရခက်ခဲနေကာ လမ်းပိတ်ဆို့မှုတွေဖြစ်ပေါ်နေတဲ့အတွက် ဘူတာကြီး ကို
ဖျက်ပြီး ပြောင်းရွှေ့သင့်ကြောင်း၊ နန်းတွင်းကိုလည်း တောင်၊ မြောက်သွားလာနိုင်အောင်
ပြုလုပ်ပေးသင့်ကြောင်း ဦးကိုကိုထွေးက ပြောပါတယ်။

"ဘူတာကြီးခံနေတဲ့အတွက် အရှေ့၊ အနောက်ကိုသွားဖို့ တော်တော်လေးခဲယဉ်းနေပါ တယ်။
အရေးအကြောင်းဆို ကွေ့ဝိုက်ပြီးသွားရတာ အချိန်ကုန်၊ လူပင်ပန်းပါတယ်။ အခုဆိုရင်
၂၆ လမ်းက ကားတွေအရမ်းကျပ်လာပြီ။ တောင်ဘက်မှာရှိတဲ့လမ်းတွေကလည်း တစ်
လမ်းမောင်းတွေ လုပ်ထားတော့ ပိုပြီးအခက်အခဲတွေဖြစ်တယ်။ ရုံးတက်၊ ရုံးဆင်း ဆိုရင်
လမ်းတွေကျပ်လို့ သွားလာရတာအဆင်မပြေတော့ဘူး။ ဘူတာကြီးက သမိုင်းဝင် မဟုတ်ပါ
ဘူး။ ပြောင်းရွှေ့သင့်ပါပြီ" လို့ သူကပြောသည်။

ဦးကိုကိုထွေးဟာ မိရိုးဖလာသစ်သီးပွဲရုံလုပ်ကိုင်လာသူတစ်ယောက်ဖြစ်ပြီး သူ့ လက်ထက်မှာ
သစ်သီးမျိုးစုံပွဲရုံဖြစ်လာအောင် လုပ်ကိုင်လာကာ ယခုအခါမှာ မြန်မာနိုင်ငံ သစ်သီးဝလံ
ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း
(မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။