အခြေခံပညာဆရာ၊ဆရာမများအနေဖြင့် ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စေတနာ၊
ဝါသနာ၊ အနစ်နာဖြင့် အခြေခံပညာရေးကို ခိုင်မာအောင် ဆောင်ရွက်ရန် အရေးကြီးကြောင်း
နေပြည်တော်၌ ကျင်းပသည့် ၂၀၁၆ခုနှစ် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး
နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက် စာမျက်နှာတွင် ဇူလိုင်လ ၂၂ ရက်နေ့က ဖော်ပြထားသည်။
မိဘများက အားကိုးလေးစား တန်ဖိုးထားစွာဖြင့် သားသမီးများကို လာရောက်အပ်နှံသော
ကျောင်းများသည် အမှန်တကယ် အားကိုး၊ လေးစား၊ တန်ဖိုးထားထိုက်၊ မထိုက်နှင့်
ကလေးများဘဝအတွက် ခိုင်မာသော အုတ်မြစ်များ ချပေးနိုင်သည့် ပညာရေးစနစ် တစ်ခုဖြစ်၊
မဖြစ်ဆိုသည်ကို ပညာရေးနှင့် ပတ်သက်ပါဝင်သည့် ပုဂ္ဂိုလ်များအားလုံး စဉ်းစားကြရမည်ဖြစ်ကြောင်း၊
မူလတန်းပညာသည် အရေးကြီးသည့်အတွက် သင်ကြားရေး လုပ်ငန်းဆောင်ရွက်နေကြသည့်
ဆရာဆရာမများအနေဖြင့် နောင် မျိုးဆက်များကို ပြုစုပျိုးထောင်ပေးသည့် မွန်မြတ်သော
လုပ်ငန်းဟူသည့် ယုံကြည်မှုအပေါ် အခြေခံပြီး စေတနာနှင့် သင်ကြားပေးရမည် ဖြစ်ကြောင်း၊
မိမိသင်နေသည့် တပည့်များအကြောင်းသာမက မိမိ အကြောင်းကို သိပြီး ပြုပြင်လိုစိတ်ရှိရမည်
ဖြစ်ကြောင်း၊ ကျောင်းမှ ပြဋ္ဌာန်းသည့် စာအုပ်များကိုသာ သိရုံ၊ လေ့လာထားရုံနှင့် မလုံလောက်ဘဲ
ဗဟုသုတအမြင်ကျယ်ပြန့်မှသာ တပည့်များ၏ ဗဟုသုတ အမြင် ကြွယ်ဝအောင်
လုပ်ပေးနိုင်မည်ဖြစ်ပြီး စာသင်ချင်အောင် ဆွဲဆောင်နိုင်မည် ဖြစ်ကြောင်း၊ သို့မှသာ
မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ဂုဏ်ယူနိုင်မည့် ပညာရေးစနစ် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အခြေခံပညာ
ကဏ္ဍတွင် အခြေခံပညာကျောင်းပေါင်း(၄၅၄၆၁)ကျောင်း၊ ဆရာဆရာမများအပါအဝင်
ပညာရေးဝန်ထမ်းပေါင်း (၄၃၁၄၄၄) ဦးနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၉ ဒသမ၂)
သန်းခန့် ပညာသင်ယူလျက် ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ ရက်(၁၀၀) လုပ်ငန်းစဉ်များ
ဆောင်ရွက်ရာတွင် ဆရာဆရာမများ၊ မိဘပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်
ရှိသည့် နည်းတူ ပညာရေးဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်မြင်စေရန်အတွက်
ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နှီးနှောဖလှယ်ပွဲကို ကျင်းပရာ ဖတ်ကြားတင်ပြသည့် စာတမ်းများကို အဖွဲ့ငယ်များ
ဖွဲ့၍ ဆွေးနွေးအကြံပြုပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲကို ဇူလိုင်လ (၂၁)ရက်မှ
(၂၃)ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မီးမီးမြင့်သူ ကောက်နုတ်တင်ပြသည်။










