နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုသို့
အလည်အပတ်ခရီး သွားရောက်ရန် စီစဉ်လျက်ရှိကြောင်း The Nation သတင်းတစ်ရပ်တွင်
ဇူလိုင်လ ၂၅ ရက်နေ့က ဖော်ပြထားသည်။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား အခြားနိုင်ငံများကလည်း အလည်အပတ်
လာရောက်ရန် ဖိတ်ကြားထားကြောင်း၊ သွားရောက်မည့် နေ့ရက်ကို အတည်ပြုပြီးပါက
ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ လက်ထောက်
ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုး က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ ဦးစွာ သွားရောက်မည်ဖြစ်ပြီး ထို့နောက် အမေရိကန်
ပြည်ထောင်စု၊ ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားနိုင်ငံများသို့ ယခုနှစ်နှောင်းပိုင်းအတွင်း သွားရောက်မည်
ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဦးထင်ကျော်နှင့်အတူ မေလ ၆ ရက်နေ့တွင် လာအိုနိုင်ငံသို့
အလည်အပတ် သွားရောက်ခဲ့ပြီး ယခင်လကလည်း ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီးဖြစ်သည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် လာအိုနိုင်ငံ၌ ကျင်းပနေသော ၄၉ ကြိိမ်မြောက်
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်လျက်
ရှိကြောင်း သိရသည်။










