မြန်မာ့ရေကြောင်းလောက ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များကို
နိုင်ငံတကာက သိရှိ စိတ်ဝင်စားပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန်
ရည်ရွယ်၍ မြန်မာနိုင်ငံ၌ ပထမဆုံးကျင်းပမည့် ရေကြောင်းပြပွဲနှင့် သင်္ဘောသား
အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲ Myanmar Maritime Expo And
Conference 2016 ကို ဇူလိုင်လ ၂၉ ရက်မှ ၃ဝ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီ
အထိ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ
(MCC) ၌ ကျင်းပသွားမည် ဖြစ်ကြောင်း မြဝတီသတင်း တစ်ရပ်တွင် ဇူလိုင်လ ၂၅ ရက်က
ဖော်ပြထားသည်။
အဆိုပါ ရေကြောင်းဆိုင်ရာ ပြပွဲတွင် ရေကြောင်းဆိုင်ရာ ထုတ်ကုန်များ၊
သင်ထောက်ကူပစ္စည်းများ၊သင်္ဘောသား ဝန်ဆောင်မှုလုပ်ငန်းများ၊သင်္ဘောတည်ဆောက်ရေး
လုပ်ငန်းများ၊ ဘေးအန္တရာယ်ကင်းရှင်းရေးပစ္စည်းအရောင်းဆိုင်များ၊ ရေကြောင်းနှင့်
သက်ဆိုင်သော အာမခံနှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများ၊ တခြားသော ရေကြောင်းနှင့်
သက်ဆိုင်သည့် လုပ်ငန်းများကို ပြသသွားမည် ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် (Myanmar Maritime University),
Seaberg Co., Ltd. နှင့် SPL Co.,Ltd. တို့က ဦးစီးကျင်းပခြင်းဖြစ်ပြီး ရေကြောင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးပို့ချသွားမည် ဖြစ်သည်။










