ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ နှစ်နိုင်ငံရေးရာ ကိစ္စရပ်များ ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ နှစ်နိုင်ငံရေးရာ ကိစ္စရပ်များ ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်
တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရိတို့သည် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ၄၉ ကြိမ်မြောက်
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ၀န်ကြီးများ အဆင့် ညီလာခံများ
ကျင်းပနေစဉ် ဇူလိုင်လ ၂၄ ရက်နေ့က တွေ့ဆုံကာ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု
များအား ကတိကဝတ်ပြုခဲ့ကြောင်းဒီဗွီဘီသတင်းတစ်ရပ်တွင် ဇူလိုင်လ ၂၅ ရက်နေ့က
ဖော်ပြထားသည်။

တရုတ်နှင့် မြန်မာနိုင်ငံတို့သည် နက်ရှိုင်းသော ချစ်ကြည် ရင်းနှီးမှုရှိကြပြီး တစ်ဦးနှင့်
တစ်ဦး နားလည်မှု၊ လေးစားမှု နှင့် အားပေးကူညီမှုများကို ထိန်းသိမ်းထားရှိခဲ့ကြကြောင်း၊
ရက်ပေါင်းတစ်ရာအတွင်း အခြေ အနေကောင်းများအား ဆောင်ရွက်နိုင်ခဲ့သည့်
ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရ အဖွဲ့သစ်အား ဂုဏ်ပြု ကြောင်းနှင့် မြန်မာအစိုးရ
အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုများကို ဆက်လက်ဆောင်ကြဉ်းပေးနိုင်ရန် မျှော်လင့်ပါကြောင်း
ဒေါ်အောင်ဆန်းစုကြည်ထံ ပြောကြားသည့် တရုတ်သမ္မတရှီကျင့်ဖျင်၏ နှုတ်ခွန်းဆက်စကားကို
နိုင်ငံခြားရေးဝန်ကြီး ၀မ်ရိက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွင် ယုံကြည်အားထားရသော
မိတ်ဆွေကောင်းတစ်ဦးအဖြစ် ပါ၀င်လိုကြောင်းနှင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့်
နှစ်နိုင်ငံဆက်ဆံရေးတို့ကို တိုးမြှင့်သွားရန် တရုတ်နိုင်ငံက လိုလားကြောင်း ၀မ်ရိက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်အကြီးမားဆုံး ထိစပ်နေသော အိမ်နီးချင်းနိုင်ငံ
တစ်နိုင်ငံဖြစ်သကဲ့သို့ နှစ်နိုင်ငံ ပြည်သူများအကြား နက်ရှိုင်းသော ဆက်နွယ်
မှုများလည်း ရှိကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေး
တို့တွင် တရုတ်နိုင်ငံ၏ ကူညီပံ့ပိုး ပေးမှုများကို မြန်မာနိုင်ငံက အသိအမှတ်ပြုပါကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဆက်လက်၍ လည်း တရုတ်နိုင်ငံအနေဖြင့် မိတ်ဆွေကောင်းပီသစွာ မြန်မာ နိုင်ငံအား
အကူအညီများ ပေးအပ်သွားရန် မျှော်လင့်ကြောင်း၊ တရုတ်နှင့် မြန်မာနိုင်ငံကြား ဆက်ဆံရေး
ပိုမိုခိုင်မာစေရန်နှင့် အစဉ်အလာရှိခဲ့သော နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို နောင်မျိုးဆက်များအထိ
ဆက်လက်ထိန်းသိမ်းသွားရန် မြန်မာနိုင်ငံက ဆန္ဒရှိပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ဖြည့်စွက်ပြောကြားခဲ့သည်။