နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ်စျေးရောင်းပွဲ ကျင်းပမည်

နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ်စျေးရောင်းပွဲ ကျင်းပမည်

ပြန်ကြားရေး ၀န်ကြီးဌာနမှ ဦးဆောင်၍ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ဗဟိုပုံနှိပ်စက်ရုံဝင်း၊
သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ်စျေးရောင်းပွဲကို
ဇူလိုင်လ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် ဇူလိုင်လ ၂၂ ရက်နေ့က ဖော်ပြထားသည်။

အဆိုပါပွဲတွင် နိုင်ငံရေးစာပေရေးသားသော စာရေးဆရာများက နိုင်ငံရေးစာတမ်း ၁၈ စောင်ကို
၃ ရက်တိုင်တိုင် ဖတ်ကြားကြမည်ဖြစ်ပြီး စာအုပ်ဆိုင်များကလည်း စာအုပ်များကို အထူးစျေးနှုန်းများဖြင့်
ရောင်းချကြမည်ဖြစ်သည်။

ပါ၀င်ရောင်းချမည့် စာအုပ်ဆိုင်များမှာ စာပေဗိမာန်၊ ထွန်းဖောင်ဒေးရှင်း၊ Myanmar Book Centre၊
မဇ္ဈိမ၊ ဦးအေးညို (ဘညို)၊ ပြည့်စုံ၊ ကျော်မွှေး၊ Unity၊ သူရိယ၊ ပါရမီ၊ စိတ်ကူးသစ်၊ သီဟရတနာ၊
ရန်အောင် စာပေ၊ ပဥ္စဂံ၊ Wisdom House၊ သာလွန်၊ မျက်ပွင့်၊ မုံရွေး၊ အာရုံသစ်၊ ပန်းရွှေပြည်၊
လင်းလွန်းခင်၊ စာပေလောက၊ ကံ့ကော် ၀တ်ရည်၊ နန်းဒေဝီ၊ ဓူဝံ၊ ရာပြည့်၊ ရှုတိုင်းယဉ်၊ Today၊
Quality Publishing House၊ သက်ခိုင်၊ FAME နှင့် ဆုပြည့်စုံထွန်းစာပေများ အပါအဝင် အခြားသော
စာအုပ်ဆိုင်ခန်းပေါင်း ၁၆၀ ခန့်က စာအုပ်မျိုးစုံကို ၁၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ လျှော့စျေးဖြင့်
ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စာအုပ်အဟောင်းဆိုင်များက လေးအုပ် ၁၀၀၀၊ ငါးအုပ် ၁၀၀၀ နှုန်းဖြင့် ရှေးဟောင်းစာအုပ်များကို
ပုံရောင်းမည့် အစီအစဉ်လည်း ပါ၀င်ကြောင်း၊ စာအုပ်စျေးပွဲတော်သို့ မည်သူမဆို ၀င်ကြေး အခမဲ့ဖြင့်
၀င်ရောက်ကာ နိုင်ငံရေးစာတမ်းဖတ်ပွဲကို နားထောင်နိုင်ကြောင်း ဖော်ပြထားသည်။