လူနာတင်ယာဉ်များကို အရေးပေါ် အခြေအနေမှအပ အချက်ပေးသံဖွင့်၍ မောင်းနှင်ခွင့်မပြု

လူနာတင်ယာဉ်များကို အရေးပေါ် အခြေအနေမှအပ အချက်ပေးသံဖွင့်၍ မောင်းနှင်ခွင့်မပြု

ရန်ကုန်မြို့အတွင်း လူနာတင်ယာဉ်များကို အရေးပေါ် လူနာဖြစ်ပါက အချက်ပေးသံဖွင့်
မောင်းနှင်နိုင်သော်လည်း သာမန်လူနာဖြစ်ပါက ပုံမှန်နှုန်းဖြင့်သာ မောင်းနှင်ခွင့်ပြုမည်
ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဇူလိုင်လ ၂၆ ရက်နေ့က ဖော်ပြထားသည်။

သာမန်လူနာများ တင်ဆောင်လာသည့် လူနာတင်ယာဉ်များနှင့် လူနာပါဝင်ခြင်း မရှိသော
လူနာတင်ယာဉ်များ အနေဖြင့် အများပြည်သူထိတ်လန့်စေနိုင်သော အသံဖွင့် မောင်းနှင်ခြင်းကို
လုံးဝခွင့်ပြုမည် မဟုတ်သောကြောင့် စစ်ဆေးတွေ့ရှိပါက အရေးယူသွားမည် ဖြစ်ကြောင်း၊
အရေးပေါ်လူနာများဖြစ်ပါက အချက်ပေးသံဖွင့် မောင်းနှင် ခြင်းကို ခွင့်ပြုသည့်အပြင်
အကူအညီတောင်းခံလာလျှင်လည်း ယာဉ်ကြောရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်
ပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

လူနာတင်ယာဉ်များအနေဖြင့် ယာဉ်လမ်းကြောင်း ရှင်းလင်း ပေးစေလိုပါက ယာဉ်စည်းကမ်း၊
လမ်းစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များ ဖြစ်သည့် ဖုန်း-ဝ၁-၅ဝဝဝဝ၅၊ ဝ၁-၄၈၅ဝဝ၆၊ နှင့်
ဝ၁-၄၈၅ဝဝ၇ တို့သို့ ဆက်သွယ်ကာ မိမိသွားရောက်မည့် ယာဉ်လမ်းကြောင်းအတွက်ကိုသာ
အကူအညီတောင်းခံရမည် ဖြစ်ကြောင်း၊ အရေးပေါ် လူနာပါဝင်ပါက အချက်ပေးသံဖွင့်
မောင်းနှင်ရာတွင် သတ်မှတ်ထားသော အသံကိုသာ ဖွင့်လှစ်မောင်းနှင်ခွင့် ပြုမည်
ဖြစ်ကြောင်း သိရသည်။