ရန်ကုန်ဆေးရုံကြီးပြုပြင်မွမ်းမံအဆင့်မြှင့်တင်ရန် နိုင်ငံတကာ ဆေးရုံကြီးများ၊ ဆေးတက္ကသိုလ်များနှင့်ညှိနှိုင်းမည်

ရန်ကုန်ဆေးရုံကြီးပြုပြင်မွမ်းမံအဆင့်မြှင့်တင်ရန် နိုင်ငံတကာ ဆေးရုံကြီးများ၊ ဆေးတက္ကသိုလ်များနှင့်ညှိနှိုင်းမည်

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်မွမ်းမံအဆင့်မြှင့်တင်ရေးလုပ်ငန်းစဉ်များ စနစ်တကျ
ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတကာအဆင့်မီ ဆေးကုသရေးနှင့် သင်ကြားရေးဆေးရုံကြီး
ဖြစ်စေရေးအတွက် နိုင်ငံတကာရှိ ဆေးရုံ ကြီးများ၊ ဆေးတက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့်
ညှိနှိုင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်းမြဝတီသတင်း တစ်ရပ်တွင် ဇူလိုင်လ ၂၇ ရက်နေ့က
ဖော်ပြထားသည်။

နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအား အဆင့်မြှင့်တင်ရန်အတွက်
တိုးချဲ့ပြုပြင် မွမ်းမံပြင်ဆင်ရေးကော်မတီကို ဖွဲ့စည်းခဲ့ရာတွင် ကော်မတီဥက္ကဋ္ဌအဖြစ်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တာဝန်ယူ ဆောင်ရွက်ပြီး
ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်ပြည်သူ့ ဆေးရုံ ကြီးမှ ဆေးရုံအုပ်ကြီး၊
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊
အဆောက်အအုံဦးစီးဌာန၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်
အားပေးရေးအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက
ကော်မတီဝင်များအဖြစ် ပါဝင်ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်မွမ်းမံပြင်ဆင်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များအဖြစ်
လိုအပ်သည့် ဆပ်ကော်မတီများကို တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး
တိုးချဲ့ပြင်ဆင်မွမ်းမံရေး လုပ်ငန်းများကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့်လည်းကောင်း၊ပြည်တွင်း၊
ပြည်ပ စေတနာရှင်အဖွဲ့အစည်းများ၏ အလှူငွေများဖြင့်လည်းကောင်း အကောင်အထည်ဖော်
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

မီးမီးမြင့်သူ ကောက်နုတ်တင်ပြသည်။