ပုဂံတွင် ထိုင်ဝမ်သူတစ်ဦးအား အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးက တုတ်ဖြင့် ရိုက်နှက်ကာ
ငွေနှင့်ပစ္စည်းများ လုယူထွက်ပြေးသွားမှု ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇူလိုင်လ ၂၈ ရက်နေ့က
ဖော်ပြထားသည်။
ပုဂံမြို့သစ်ရှိ Bagan Central ဟိုတယ်တွင် တည်းခိုနေထိုင်သည့် Ms. Wang Jui Chuan
(၃၉နှစ်) ထိုင်ဝမ်သူသည် ဇူလိုင်လ ၂၆ ရက်နေ့က လျှပ်စစ်စက်ဘီးဖြင့် ပုဂံညောင်ဦးမြို့နယ်
အတွင်း လှည့်လည်သွားလာနေခဲ့ ကြောင်း၊ မွန်းတည့် ၁၂ နာရီတွင် ဓမ္မရံကြီးနှင့် ဓမ္မရာဇက
ဘုရားသွားလမ်းပေါ်ရှိ ဘုရားအမှတ် (၇၆၁)အနီးတွင် ပန်းချီရေးဆွဲနေစဉ် အမျိုးသားနှစ်ဦးနှင့်
အမျိုးသမီးနှစ်ဦးတို့ ရောက်ရှိလာပြီး ထိုင်ဝမ်သူထံ ပိုက်ဆံတောင်းခံခဲ့ရာ မပေးသဖြင့်
၎င်းတို့က ထိုင်ဝမ်သူ၏ ဝဲ/ယာ ခြေထောက်နှင့် ယာဘက်လက်တို့အား တုတ်ဖြင့်
ရိုက်နှက်ရာ မူးမေ့လဲသွားစဉ် လုယူထွက်ပြေးသွားသည်ဟု ဆိုသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ ညောင်ဦးမြို့မရဲစခန်း၊ ပုဂံနယ်မြေရဲစခန်းနှင့်
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပိတ်ဆို့ရှာဖွေ
စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မီးမီးမြင့်သူ ကောက်နုတ်တင်ပြသည်။










