ရန်ကုန်မြို့သည် မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အမြင့်မားဆုံးဟု ဆို

ရန်ကုန်မြို့သည် မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အမြင့်မားဆုံးဟု ဆို

ယခုနှစ်အတွင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ
ခြောက်ရာကျော် ရှိခဲ့ပြီး လေးဦး အသက်ဆုံးရှုံးခဲ့ကြောင်း မှတ်တမ်းများအရ တွေ့ရှိရသဖြင့်
မြန်မာတစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အမြင့်မားဆုံးဖြစ်ခဲ့ကြောင်း
ဒီဗွီဘီသတင်းတစ်ရပ်တွင် ဇူလိုင်လ ၂၈ ရက်နေ့က ဖော်ပြထားသည်။

၂၀၁၆ ခုနှစ် နှစ်စမှ ဇူလိုင်လ ၁၈ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းတွင်
သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု ၆၁၈ ခုရှိခဲ့ပြီး ၄ ဦးသေဆုံးခဲ့ကြောင်း၊ အများစုမှာ လှိုင်သာယာ၊
မှော်ဘီနှင့် တောင်ဒဂုံတို့ကဲ့သို့သော ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသများနှင့် ရေပိုက်လိုင်းမှ ပေးဝေသော
ရေမရရှိသည့် အနီးအနားဝန်းကျင် ကျေးရွာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး
ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်က ပြောကြားခဲ့သည်။

၂၄ နာရီ ရေပေးဝေမှု မရရှိခြင်းကြောင့် အချို့မိသားစုများမှာ မိုးရေကို သိုလှောင်အသုံးပြုရသည့်အတွက်
ခြင်များ ပေါက်ဖွားရာ နေရာများဖြစ်လာရကြောင်း၊ ကလေးသူငယ်များသာမက အရွယ်ရောက်ပြီး
သူများပါ ရောဂါဖြစ်နိုင်ချေရှိကြောင်း၊ ရောဂါဖြစ်ပွားပြီး အချိန်တိုအတွင်း၌ပင် အသက်သေဆုံးနိုင်သည့်
အတွက် ခြိမ်းခြောက်နေသော ရောဂါတစ်ခုဖြစ်ကြောင်း၊ ဖျားနာမှု ဖြစ်ပွားပါက နီးစပ်ရာ
ကျန်းမာရေးဌာနသို့ သွားရောက်ပြီး သွေးလွန်တုပ်ကွေးရောဂါဟုတ်၊ မဟုတ် စစ်ဆေးမှု
ခံယူသင့်ကြောင်း ၄င်းက သတိပေးတိုက်တွန်းပြောကြားခဲ့သည်။