ဂျပန်နိုင်ငံ JACOM Co., Ltd. က ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများအတွက်
ပညာသင်ဆုများပေးအပ်မည့် သဘောတူညီမှုလက်မှတ်ရေးထိုးပွဲကို ဇူလိုင်လ ၂၆ ရက်
နံနက် ၁ဝ နာရီက ရွှေပြည်သာမြို့နယ်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် အစည်းအဝေးခန်းမ၌
ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် ဇူလိုင်လ ၂၉ ရက်နေ့က
ဖော်ပြထားသည်။
၂ဝ၁၆ ပညာသင်နှစ်မှ ၂ဝ၁၉ ပညာသင်နှစ်အထိ ထောက်ပံ့ပေးသွားမည့် အဆိုပါပညာသင်ဆု
အစီအစဉ်အတွက် ၂ဝ၁၆ ပညာသင်နှစ်တွင် ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသားကျောင်းသူ နှစ်ဦး၊
၂ဝ၁၇ ပညာသင်နှစ်၊ ၂ဝ၁၈ ပညာသင်နှစ်၊ ၂ဝ၁၉ ပညာသင်နှစ်တို့တွင် တစ်နှစ်လျှင် တစ်ဦးစီတိုး၍
JACOM Co., Ltd. က သတ်မှတ်ရွေးချယ်ကာ တစ်လလျှင် ငွေကျပ်ငါးသောင်းနှုန်းဖြင့်
တစ်နှစ်အတွက် ငွေကျပ်ခြောက်သိန်းနှုန်းကို ဘွဲ့ရသည်အထိ နှစ်ရှည်ထောက်ပံ့ပေးသွားမည်
ဖြစ်ကြောင်း ဖော်ပြထားသည်။
ပညာထူးချွန်ပြီး ငွေကြေးအခက်အခဲရှိသော ကျောင်းသားကျောင်းသူများအတွက် လွတ်လွတ်လပ်လပ်
စာကြိုးစားနိုင်ရန်၊ ဘွဲ့ရပြီးလျှင် JACOM ကုမ္ပဏီတွင် အလုပ်လုပ်ရန် စိတ်ဝင်စားပါက အလုပ်ခန့်
ပေးနိုင်ရန်နှင့် မြန်မာ-ဂျပန် ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာစေရန် ပံ့ပိုးပေးခြင်းဖြစ်ကြောင်း ဂျပန်နိုင်ငံ
JACOM Co., Ltd. မှ Director and Chief Operating Officer, Mr. Kazuo Kawasaki က
ပြောကြားခဲ့သည်။
၁၉၇၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ရှင်ဂျူကုအရပ်၌ ပို့ဆောင်ရေး၊
ဆက်သွယ်ရေး၊ ငွေကြေးဆိုင်ရာကဏ္ဍများတွင် ဆော့ဖ်ဝဲလ်များ ရေးဆွဲနေသည့်
JACOM Co., Ltd. ၏ လုပ်ငန်းခွင်၌ လက်ရှိတွင် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ
ကျောင်းသားနှစ်ဦး ဝင်ရောက်လုပ်ကိုင်နေကြောင်း သိရသည်။










