လိုင်စင်မရှိဘဲ ပြည်ပခရီးစဉ်လုပ်ငန်း ဆောင်ရွက်မှုများအား ဥပဒေနှင့်အညီ အရေးယူမည်

လိုင်စင်မရှိဘဲ ပြည်ပခရီးစဉ်လုပ်ငန်း ဆောင်ရွက်မှုများအား ဥပဒေနှင့်အညီ အရေးယူမည်

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပခရီးစဉ် (Outbound Tour) များအတွက်
လုပ်ငန်း လိုင်စင်များ ခွင့်ပြုပေးလျက်ရှိရာ လိုင်စင်မရှိဘဲ ပြည်ပခရီးစဉ်လုပ်ငန်း ဆောင်ရွက်နေမှုများကို
ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏
ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
ဇူလိုင်လ ၂၉ ရက်နေ့က ဖော်ပြထားသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေ၊
မြန်မာနိုင်ငံ ခရီးသွားလာရေး ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ
ပြည်ပခရီးစဉ်လုပ်ငန်းကို လုပ်ငန်းလိုင်စင်များကို ခွင့်ပြုချထားပေးလျက်ရှိပြီး ဇူလိုင်လ ၂၁ ရက်အထိ
လိုင်စင် ၂၅၅ ခု ခွင့်ပြုချထားပေးခဲ့ကြောင်း၊ ဆက်လက်တင်ပြလာသော ပြည်ပခရီးစဉ်လုပ်ငန်း
လိုင်စင်များကိုလည်း စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ
သိရသည်။

ပြည်ပခရီးစဉ်လိုင်စင် လျှောက်ထားရယူခြင်း မရှိဘဲ သတင်းစာများ၊ အင်တာနက် လူမှုကွန်ရက်
စာမျက်နှာများတွင် ကြော်ငြာကာ လုပ်ငန်းဆောင်ရွက်နေမှုများ ရှိနေသည့်အတွက် မြန်မာနိုင်ငံ
ဟိုတယ်နှင့် ခရီးသွားလာရေးဥပဒေပုဒ်မ ၂၃ အရ အရေးယူသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်
ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရှင်းလင်းပြောကြားခဲ့သည်။