ကွန်ပျူတာသုံး မြန်မာစာစံစနစ်ဆိုင်ရာ ပညာရှင်များ ညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင် ၂၄ ရက်နေ့က
ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် ဇူလိုင်လ ၂၉ ရက်နေ့က ဖော်ပြထားသည်။
အဆိုပါအခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက
ကွန်ပျူတာသုံးမြန်မာစာစံစနစ်တွင် မြန်မာစာရေးထုံးနှင့် ကိုက်ညီအောင် အလေးပေးဆောင်ရွက်ကြစေ
လိုကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာစာရေးထုံး သတ်မှတ်ပေးခြင်း၊ မြန်မာစာရေးထုံးနှင့်
ကိုက်ညီမှုရှိ၊ မရှိ စိစစ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ကွန်ပျူတာအသင်းအဖွဲ့များ၊ ကွန်ပျူတာပညာရှင်များ၊ ဖောင့်ရေးသား
ထုတ်လုပ်သူများ အားလုံးကလည်း နိုင်ငံအကျိုးအတွက်ဟု ခံယူကာ ဝိုင်းဝန်း
ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန၊ မြန်မာစာနှင့် ဘာသာစကား ပညာရေးဦးစီးဌာန၊ မြန်မာစာအဖွဲ့က
သတ်မှတ်ပြဋ္ဌာန်းပေးထားသော ကွန်ပျူတာသုံးယူနီကုဒ် မြန်မာစာစံစနစ်အတွက် မြန်မာစာရေးထုံး
သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန်၊ အစိုးရ ဝန်ကြီးဌာနများက ၎င်းတို့လွှင့်တင်ထားသော
အင်တာနက် စာမျက်နှာများတွင် ကွန်ပျူတာသုံးမြန်မာစာစံစနစ်တစ်မျိုးတည်း အသုံးပြုနိုင်ရေးအတွက်
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က လိုအပ်လျှင် နည်းပညာဆိုင်ရာ ကူညီဆောင်ရွက်ပေးရန်နှင့်
အစိုးရနှင့် ပြည်သူလူထုတိုက်ရိုက် ဆက်ဆံရသည့် ကိစ္စရပ်များတွင်လည်း စံစနစ်ကို ရှေ့ဆောင်လမ်းပြ၍
အသုံးပြုနိုင်ရေးအတွက် အစိုးရဌာနများအားလုံး ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးရန်တို့ကို
ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။









