ညောင်ရွှေမြို့နယ် အင်းလေးကန်အတွင်း အင်းလေး ရေပြင်သဘာဝအလှကို ကြည့်ရှုခံစားရင်း
ကုန်တင်လှေပေါ်၌ နေ့လယ်စာ သုံးဆောင်နိုင်မည့် Floating Lunch on Boat ဝန်ဆောင်မှုကို
ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သော တောင်ချွန်း ဆောင်ရွက်လျက်ရှိကြောင်း မြဝတီသတင်း တစ်ရပ်တွင်
ဇူလိုင်လ ၂၉ ရက်နေ့က ဖော်ပြထားသည်။
ကုန်တင်လှေတစ်စင်းပေါ်၌ စားပွဲတစ်ဝိုင်းလျှင် လေးဦးနှုန်းဖြင့် ၁၆ ဦး သုံးဆောင်နိုင်မည်ဖြစ်ပြီး
စားပွဲဝိုင်း တစ်ဝိုင်းလျှင် အမေရိကန် ဒေါ်လာ ၂ဝဝ ကျသင့်ကြောင်း သိရသည်။
ယခင်က အင်းလေးမှ ညောင်ရွှေသို့ လှေဖြင့် လာစဉ် လမ်းတွင် စားစရာ ချက်ပြုတ်စားရသည်ကို
အခြေခံ ပြီး စီမံထားခြင်းဖြစ်ကြောင်း၊ စားစရာများ ပြင်ဆင်ထားသည့် လှေကြီး၏ ဘေးတွင်
စားဖိုဆောင်လှေရှိပြီး စားဖိုဆောင်လှေမှနေ၍ ယွန်းအုပ်ဖြင့် လှေကြီးဆီသို့ ကနူးလှေလေးများဖြင့်
ပို့ပေးကြောင်း တောင်ချွန်းစားသောက်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
စားသုံးနိုင်သည့် အစားအစာများမှာ ရိုးရာအစားအစာများဖြစ်ပြီး စားသုံးသူများအနေဖြင့်
မိမိတို့ ကြိုက်နှစ်သက်ရာကို ထပ်မံမှာယူသုံးဆောင်နိုင်ကြောင်း သိရသည်။
ထို့ပြင် ပွင့်လင်းရာသီ ခရီးသွားများပြားချိန်တွင် တစ်ရက်လျှင် ၁၆ ဦးစီး လှေ ၁ဝ စင်းဖြင့်
ဝန်ဆောင်မှုပေးပြီး နေဝင်ချိန်တွင် သုံးဆောင်လိုပါက စီစဉ်ပေးသည့်အပြင် အမှတ်တရနေ့များအတွက်
ဧည့်ခံပွဲ လုပ်လိုပါကလည်း ဆောင်ရွက်ပေးကြောင်း သိရသည်။










