အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်း အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်မည်

အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်း အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်မည်

ပို့ကုန်သွင်းကုန်လုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် အွန်လိုင်းကို
အခြေခံသည့် အလိုအလျောက် ကုန်ပစ္စည်းရှင်းလင်းရေးစနစ်ကို စမ်းသပ်ကာလ သုံးလ သတ်မှတ်ပြီး
လုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားခဲ့သည်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
ဇူလိုင်လ ၂၉ ရက်နေ့က ဖော်ပြထားသည်။

အဆိုပါအွန်လိုင်းစနစ်ကို ဂျပန်နိုင်ငံမှ ပညာရှင်များ၊ JICA မှ ပညာရှင်များ၏ ပံ့ပိုးမှု၊
ဂျပန်အကောက်ခွန်ဌာန၏ ကူညီမှုတို့ဖြင့် အကောက်ခွန်ဦးစီးဌာနက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊
၂ဝ၁၆ ခုနှစ် နိုဝင်ဘာလတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့် သြဂုတ်လမှ
အောက်တိုဘာလအထိ စမ်းသပ်ကာလအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းသန့်က ဇူလိုင်လ ၂၆ ရက်တွင် UMFCCI ၌
ကျင်းပသော အခမ်းအနားတွင် ပြောကြားခဲ့သည်။

အွန်လိုင်းအကောက်ခွန်ရှင်းလင်းရေးစနစ်ကို ရန်ကုန်၌သာ ဆောင်ရွက်နိုင်ဦးမည်ဖြစ်ပြီး
၂ဝ၁၈ ခုနှစ် ရောက်မှသာ နယ်စပ်ဒေသအကောက်ခွန်စခန်းများတွင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊
အကောက် ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ် အားလုံးကို အွန်လိုင်းမှတစ်ဆင့် လုပ်ဆောင်နိုင်မည်ဖြစ်ပြီး
ကုန်ပစ္စည်း ဖွင့်ဖောက်စစ်ဆေးသည့် လုပ်ငန်းကိုသာ အကောက်ခွန်ရုံးတွင် လာရောက်
စစ်ဆေးခံရမည်ဖြစ်ကြောင်း သိရသည်။