ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား
ဩဂုတ်လဆန်းပိုင်းတွင် စစ်ဆင်ရေးတစ်ရပ်အသွင်ဖြင့် ထိုင်းနိုင်ငံတစ်ဝန်းပိုက် စိပ်တိုက်
ရှာဖွေဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
သြဂုတ်လ ၁ ရက်နေ့က ဖော်ပြထားသည်။
စင်ကာပူနှင့် မလေးရှားနိုင်ငံများနည်းတူ သက်ဆိုင်ရာ တိုင်းပြည်မှ MoU စနစ်ဖြင့် သွားရောက်
အလုပ်လုပ်ကိုင်ရသည့်စနစ်ကို ထိုင်းနိုင်ငံတွင် စနစ်တကျ ပြန်လည်ကျင့်သုံး ဆောင်ရွက်ရန်
ရည်ရွယ်ကာ ၂၀၁၆ နှစ်ကုန်ပိုင်းတွင် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့်
ပြည်ပနိုင်ငံသားအားလုံး ပပျောက်ရန် ရည်ရွယ်ချက်ဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းအလုပ်ရှင်များအနေဖြင့် တရားမဝင်အလုပ်သမားများ အသုံးချ၍ စီးပွားရေးလုပ်ငန်းများ
လုပ်ကိုင်ရာတွင် လူ့အခွင့်အရေးချိုးဖောက်ကာ စီးပွားရေးလုပ်သည့် ဖြစ်စဉ်များကြောင့် အမေရိကန်၊
ဥရောပ အစရှိသည့် နိုင်ငံများမှ အရေးယူသတိပေးခြင်းခံခဲ့ရပြီး ထိုင်းနိုင်ငံထွက်ကုန်များကို
အဆိုပါနိုင်ငံများသို့ အကုန်အစင် တင်ပို့ခွင့် မရှိခြင်းနှင့် စီးပွားရေးပြဿနာများ ဖြစ်ပေါ်ဖြေရှင်းနေရခြင်း
များကြောင့် နိုင်ငံအတွင်း တရားမဝင် လာရောက်အလုပ်လုပ်ကိုင်သူအားလုံးကို ပြန်လည်ပို့ဆောင်မည်
ဖြစ်ကြောင်း၊ တရားဝင် MoU စနစ်ဖြင့် ပြန်လည်ဝင်ရောက် အလုပ်လုပ်ကိုင်ခွင့်ရှိကြောင်း၊
စစ်ဆေးအရေးယူမှုတွင် တရားမဝင်အလုပ်သမားများအား လက်ခံအလုပ်ခန့်အပ်ထားကြောင်း
စစ်ဆေးတွေ့ရှိပါက အဆိုပါ ကုမ္ပဏီများ၊ အလုပ်ရှင်များကို တရားမဝင်အလုပ်သမားတစ်ဦးလျှင်
ဘတ်ငွေ တစ်သိန်းနှုန်းဖြင့် ဒဏ်ငွေတပ်ရိုက်မည်ဖြစ်ကြောင်း သိရသည်။









