ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ဩဂုတ် ၅ ရက်မှ ၂၁ ရက်အထိ ကျင်းပမည့်
Rio Olympic Games 2016 ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ သေနတ်ပစ်၊
မြားပစ်၊ ဂျူဒို၊ ရေကူးနှင့် ပြေးခုန်ပစ် အားကစားနည်း ငါးမျိုးယှဉ်ပြိုင်မည်ဖြစ်ကြောင်း
အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးမျိုးလှိုင်က ပြောကြားခဲ့သည်ကို ကိုးကားကာ ပြန်ကြား ရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် သြဂုတ်လ ၁ ရက်နေ့က ဖော်ပြထားသည်။
ကမ္ဘာ့နိုင်ငံပေါင်း ၂၀၆ နိုင်ငံမှ အားကစားသမားများနှင့် ဒေသတွင်းပြိုင်ဘက်များဖြစ်သည့်
အာဆီယံနိုင်ငံများမှ အားကစားသမားများ ပါဝင်မည်ဖြစ်ပြီး လာမည့် ဆီးဂိမ်း ပြိုင်ပွဲအတွက်
မြန်မာအားကစား အဖွဲ့ ကြိုတင်ပြင်ဆင် သည့်အနေဖြင့် အကောင်းဆုံးရလဒ်များရရှိအောင်
နည်းစနစ်ကောင်းများ၊ အတွေ့အကြုံကောင်းများကို လေ့လာမှတ်သားပြီး ကြိုးစားပါဝင်
ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲသို့ အဖွဲ့ခေါင်းဆောင်အဖြစ် အားကစားနှင့် ကာယပညာဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လွင် နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့
ဦးဆောင်၍ သေနတ်ပစ် အားကစားနည်းဖြင့် မြန်မာလက်ရွေးစင် ရဲထွန်း နောင်က အမျိုးသား
၁၀ မီတာ Air Pistol နှင့် ငါးမီတာ Free Pistol ပြိုင်ပွဲများကိုလည်းကောင်း၊ မြားပစ်အားကစားနည်းမှ
စန်းယုထွေးက (Recurve) ပြိုင်ပွဲ၊ ရန်နောင်စိုးက ဂျူဒိုအားကစားဖြင့် (-၁၀၀ Kg) တန်းပြိုင်ပွဲ၊
အိအိသက်က ရေကူးအားကစား နည်းဖြင့် အမျိုးသမီး မီတာ 50 Free Style နှင့် သင်မြတ်က
အမျိုးသားမီတာ 100 Butterfly ပြိုင်ပွဲ များကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းဖြင့်
စန်းနိုင်က အမျိုးသား မီတာ ၅၀၀၀ ပြိုင်ပွဲနှင့် ဆွေလီမြင့်က အမျိုးသမီး မီတာ ၈၀၀ ပြိုင်ပွဲ
များကိုလည်းကောင်း အသီးသီး ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။









